လွှတ်တော်အစည်းအဝေးတွေ အဆုံးသတ်ပြီ

  • 28 ဩဂုတ် 2015
amyothar_hluttaw
Image caption လွှတ်တော် သက်တမ်း အနေနဲ့ ကတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ထိ ရှိနေမှာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အပြီး ပေါ်ပေါက် လာခဲ့တဲ့ လွှတ်တော် အသီးသီးဟာ ဩဂုတ်လ ၂၈ ရက် နေ့ မှာ အဆုံးသတ် ရပ်နား လိုက် ပြီ ဖြစ်ပါတယ်။

လွှတ်တော် ၂ရပ် ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ရဲ့ နောက်ဆုံး ကလနားသတ် အစည်းအဝေး မှာ ပြည်ထောင်စု လွှတ်တော် ရဲ့ နာယက သူရ ဦးရွှေမန်းက လွှတ်တော် အတွင်း ဆောင်ရွက် နိုင်ခဲ့တဲ့ လုပ်ငန်းတွေ ကို စာမျက်နှာ ၁၁ မျက်နှာပါ အစီရင်ခံစာ နဲ့ တင်ပြ ခဲ့ပါတယ်။

၁၂ ကြိမ်မြောက် အထိ အစည်းအဝေးတွေ ကျင်းပနိုင် ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် ကနေ ရေးဆွဲ အတည်ပြု နိုင်ခဲ့တဲ့ ဥပဒေ ပေါင်း ၁၈၅ ခု ရှိတယ် လို့ နာယက ရဲ့ အစီရင်ခံစာ က ဆို ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ၄၃၆ ဥပဒေကြမ်း နဲ့ လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေ အပါအဝင် ဥပဒေ ၉ခု ကတော့ လွှတ်တော် ထဲမှာ ဆွေးနွေးဖို့ အချိန် မတန်သေး လို့ ဆိုင်းငံ့ ထားရတဲ့ အကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ပြောသွားပါတယ်။

လွှတ်တော် က ဆုံးဖြတ်ထား ပြီး သမ္မတ က လက်မှတ် ရေးထိုး အတည်ပြု ပေးဖို့ ပဲ လိုတော့ တဲ့ ဥပေဒ တွေ ရှိနေတာ မှာ ရုပ်မြင်သံကြား နဲ့ အသံထုတ် လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၂ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ မော်တော်ယာဉ် ဥပဒေကြမ်း နဲ့ တလင်တမယား စနစ် ကျင့်သုံးခြင်း ဥပဒေကြမ်း စတာတွေ ဖြစ်ပါတယ်။

သတ္တုတွင်း ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေ နဲ့ ပြည်ထောင်စု အစိုးရ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ လို ဆောင်ရွက်ဆဲ ဥပဒေကြမ်း တွေ လည်း ရှိနေပြီး၊ လွှတ်တော် အစည်းအဝေး တွေ မရှိတော့ ပေမယ့် လွှတ်တော်ရေးရာ ကော်မတီတွေ ကတော့ ဆက်ရှိ နေဦး မှာ ဖြစ်တဲ့ အတွက် အဲဒီ့ ဆောင်ရွက်ဆဲ ဥပဒေကြမ်း တွေ နဲ့ ပတ်သက်တဲ့ လုပ်ငန်း ဆောင်တာ တွေ ဆက်လက် လုပ်ဆောင် နေမှာ ဖြစ်တယ် လို့ ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီ ဥက္ကဌ ဦးတီခွန်မြတ် က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် ထဲ မှာ ဥပေဒ ကြမ်း အသစ် တွေ ရေးဆွဲတာ၊ ရှိနှင့်ပြီး ဥပဒေတွေ ကို ခေတ်စံနစ် နဲ့ ညီ အောင် ပြင်ဆင် တာ စတာ တွေ လုပ်ဆောင် ခဲ့ ပြီး လွှတ်တော် ကိုယ်စား လှယ် တွေ အကြိတ်အနယ် ဆွေး နွေး ခဲ့ရတဲ့ ဥပဒေ တွေ ရှိခဲ့တယ် လို့လည်း ဦးတီခွန်မြတ် က ဆိုပါတယ်။

တလင်တမယား ဥပဒေ၊ ဘာသာ ကူးပြောင်း ဥပဒေ စတာတွေ နဲ့ ပတ်သက်ပြီး ဥပဒေ ရဲ့ မူလ ရည်ရွယ်ချက် ကနေ လွဲချော်ပြီး အကျိုးထက် အပြစ် ဖြစ်နိုင် တယ် လို့ အတိုက်အခံ တွေ က ကန့်ကွက် ခဲ့ ပေမယ့် လွှတ်တော် တွင်း မဲခွဲ တဲ့ အခါ အတည် ဖြစ်သွား တာ မျိုး လည်း ရှိခဲ့တယ် ဆိုပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ဦးအောင်ကြည်ညွန့် က ဘီဘီစီ ကို ပြောပါတယ်။

အခု လွှတ်တော်ရဲ့ အစည်းအဝေး တွေ ပြီးဆုံး သွားပေမယ့်လည်း လွှတ်တော် သက်တမ်း အနေနဲ့ ကတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ထိ ရှိနေပြီး၊ ၂၀၁၅ ရွေးကောက်ပွဲ ကနေ တက်လာမယ့် လွှတ်တော် ကို အဲဒီ ရက် နောက်ပိုင်းမှာ တာဝန်တွေ ကို လွှဲပြောင်း ပေးသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ