အနည်းဆုံးလုပ်အားခ (၃၆၀၀) ကျပ် အတည်ပြုသတ်မှတ်

  • 28 ဩဂုတ် 2015
myanmar labour ဓာတ်ပုံ မူပိုင် Getty
Image caption တနေ့လုပ်ခ(၃၆၀၀)ကျပ်ရနိုင်တော့မယ်။

စက်တင်ဘာလ (၁)ရက်နေ့ ကနေစလို့ နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံး တပြေးညီ အလုပ်ချိန် (၈)နာရီ အတွက် အနည်းဆုံး လုပ်ခလစာ အဖြစ် တနေ့ (၃၆၀၀) ကျပ် ပေးရမယ် ဆိုပြီး ပြည်ထောင်စု အစိုးရက အတည်ပြု လိုက်ပါတယ်။

ဒီလုပ်ခ( ၃၆၀၀ )ကျပ် ဟာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကော်မတီက အဆိုပြုထားတဲ့ နှုန်းထား လည်း ဖြစ်ပါတယ်။

ဒီနှုန်းထားနဲ့ ပတ်သက်လို့ အလုပ်ရှင်တွေဘက်က ကန့်ကွက်လွှာ (၂၈၆) စောင် ကို ရက်ပေါင်း (၆၀)အတွင်းစီစစ် ခဲ့ရပြီး အဆုံးမှာ အများစုက သဘောတူလက်ခံ လိုက်တဲ့ တနေ့ လုပ်ခ (၃၆၀၀) ကျပ် ပေးဖို့ အတည်ပြုတာ ဖြစ်တယ်လို့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

အလုပ်သမားတွေ ဘက်ကလည်း တနေ့လုပ်ခ ( ၄၀၀၀)ကျပ် ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုတော့ သူတို့ဘက်ကလည်း လျှော့ပြီး တနေ့ ၃၆၀၀ ကျပ်နဲ့ သဘောတူ လက်ခံလိုက်တာ ဖြစ်ပါတယ်။

အခု လုပ်ခ ( ၃၆၀၀ ) ကျပ် မှာ အလုပ်သမားတွေဟာ တပတ်ကို (၆)ရက် အလုပ်ဆင်းရမှာ ဖြစ်ပြီး တလကို (၁၀၈၀၀၀)ကျပ်ရမှာ ဖြစ်ပါတယ်။

နားရက်မှာ အလုပ်ဆင်းရင် အချိန်ပိုကြေး ဘယ်လောက် သတ်မှတ်ရမလဲ ဆိုတာနဲ့ အလုပ်သမားတွေ အရင်က ရနေတဲ့ ရက်မှန်ကြေး၊ လုပ်သက်ကြေး၊ လုပ်ငန်း ကျွမ်းကျင်ကြေး၊ ရှားပါးစရိတ် ထောက်ပံ့ကြေး တွေကို ဘယ်လို ပေးမလဲ ဆိုတာကို အခု အတည်ပြုလိုက်တဲ့ နှုန်းထားအသစ်မှာ ထည့်သွင်းမထားပါဘူး။

ဒီအချက်အလက်တွေ ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေ ဆက်လက် ညှိနှိုင်းပြီး သဘောတူရမှာ ဖြစ်တယ်လို့ အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။