ပြည်သူ့လွှတ်တော် အင်တာနက် server အဖောက်ခံရ

  • 29 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption server ဖောက်ထွင်းခံရပြီးတဲ့နောက် ပြည်သူ့လွှတ်တော်ရဲ့ အင်တာနက် စာမျက်နှာ ဖွင့်လို့ မရတော့

ပြည်သူ့လွှတ်တော်ရဲ့ Internet server ဖေါက်ထွင်းခံရတာနဲ့ ပတ်သက်လို့ ဖော်ထုတ် အရေးယူပေးဖို့ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားထားပါတယ်။

New Generation Wave လို့ အမည်ပေးထားတဲ့ အင်တာနက် hackers အဖွဲ့တဖွဲ့က ပြည်သူ့လွှတ်တော်ရဲ့ အင်တာနက် serverထဲ ဖောက်ထွင်း ဝင်ပြီး လွှတ်တော် ကိုယ်စားလှယ် ၅၀၀ကျော်ရဲ့ Email အချက်အလက်တွေကို ရယူခဲ့ကြောင်း ပြည်သူ့လွှတ်တော်က သြဂုတ်လ ၁၇ရက်နေ့မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အဲဒီလို ထုတ်ဖော် ကြေညာပြီးတဲ့ နောက်မှာ ပြည်သူ့လွှတ်တော်ရဲ့ အင်တာနက် စဖွင့်လို့ မရတော့ဘူးလို့ သိရပါတယ်။

အခုအခါ ပြည်သူ့လွှတ်တော်ရဲ့ အင်တာနက် serverကို ပိတ်ထားလိုက်ရပြီး သြဂုတ်လ ၂၇ရက်နေ့မှာတော့ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၅ ရဲစခန်းကို ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးပေးဖို့ အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရောနစ် ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရဲက စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။

လွှတ်တော် အများစုကတော့ အစကတည်းက လုံခြုံမှု မရှိဘူးလို့ ယူဆတဲ့အတွက် လွှတ်တော် အင်တာနက် server ကတဆင့် သွားရတဲ့ Email ကို အသုံးမပြုကြဘူးလို့ သိရပါတယ်။

အခုလို နိုင်ငံတခုရဲ့ ဥပဒေပြုရေး မဏ္ဍိုင် ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ရဲ့ အင်တာနက် server ဖောက်ထွင်းခံရတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ server လုံခြုံမှုတွေ ပိုတင်းကြပ်ဖို့ လိုနေသေးတယ် ဆိုတာ ထင်ရှားနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။