လှေစီးဒုက္ခသည်တွေ ပြန်များလာမှာကို ကြိုတင်ပြင်ကြဖို့ UNHCR နှိုးဆော်

_rescued_boat_people_myanmar ဓာတ်ပုံ မူပိုင် AFP
Image caption လူမှောင်ခို လှေတွေ ပေါ် မှာ စွန့်ပစ် ခံ ရမှာ မျိုး၊ အစာရေစာ မရှိ မျောပါ နေကြ ရမှာ မျိုး နဲ့ အနှိပ်စက်ခံ အလိမ်ခံ ရမှာ မျိုး စတဲ့ အခြေအနေ တွေ တပတ်ပြန်လည် လာမှာ ကို စိုးရိမ် ရ။

မကြာခင် မုတ်သုံရာသီ ကုန်ဆုံး တဲ့ အခါဘင်္ဂလား ပင်လယ်အော် ကို လှေတွေ နဲ့ ကျော်ဖြတ် ဖို့ ကြိုးစား လာကြမယ့် သူတွေ တခါ ထပ်ပြီး များပြား လာနိုင်တဲ့ အတွက် သက်ဆိုင်ရာ နိုင်ငံ တွေ အနေနဲ့ အရေးတကြီး ကြိုတင် ဆောင်ရွက်မှု တွေ လုပ်ဆောင် ကြဖို့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး ရုံး UNHCR က တိုက်တွန်း လိုက် ပါတယ်။

မြန်မာနိုင်ငံ က ရိုဟင်ဂျာ တွေ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ က လူတွေ ဟာ ပင်လယ်ပြင် ထဲ လူမှောင်ခို လှေတွေ ပေါ် မှာ စွန့်ပစ် ခံ ရမှာ မျိုး၊ အစာရေစာ မရှိ မျောပါ နေကြ ရမှာ မျိုး နဲ့ အနှိပ်စက်ခံ အလိမ်ခံ ရမှာ မျိုး စတဲ့ အခြေအနေ တွေ တပတ်ပြန်လည် လာမှာ ကို စိုးရိမ် ရတဲ့ အတွက် သတိပေးချက် ထုတ်ပြန် ရတာ ဖြစ်တယ် လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် UNHCR ရုံးရဲ့ ပြောခွင့်ရ Vivian Tan က ဘီဘီစီ ကို ပြောပါတယ်။

မုတ်သုံရာသီ မစခင် ပြီးခဲ့တဲ့ မေလ မှာ လှေစီး ဒုက္ခသည် ပြဿနာကို မြန်မာ နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံ တွေ တွေ့ကြုံ ခဲ့ ကြရပြီး ဒုက္ခသည် တွေ ကို ကယ်ဆယ်ရေး နဲ့ နေရပ် ပြန်လည် ပို့ဆောင် ရေး တွေ ကို ဆောင်ရွက် ခဲ့ ကြရ ပါတယ်။

ရေရှည် အတွက် ဒီ ပြဿနာ ကို စုပေါင်း ကိုင်တွယ် ဖြေရှင်း ဖို့ ဒေသတွင်း နိုင်ငံ တွေ စည်းဝေး ဆုံးဖြတ် ခဲ့ကြ ပေမယ့် တကယ်တမ်း အကောင်အထည် မဖော် နိုင်ကြဘူး လို့ မစ္စတန် က ဝေဖန် ပါတယ်။

ဒါ့အပြင် ပင်လယ်ပြင် မှာ အရေးပေါ် ကယ်ဆယ် ရေး စံနစ် တွေ ကို အတိတကျ ချမှတ် ပြင်ဆင် ထား ဖို့ လည်း ဒေသတွင်း နိုင်ငံတွေ အနေနဲ့ လုပ်ဆောင် ရဦး မှာ ဖြစ်တယ် လို့ UNHCR က သတိပေး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ