ဒေါ်စု နေပြည်တော်မှာ စည်းရုံးဟောပြော

  • 30 ဩဂုတ် 2015
NLD
Image caption နေပြည်တော် ၃ မြို့နယ်မှာ ဟောပြော စည်းရုံး

နေပြည်တော် က မြို့နယ် ၃ ခုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် မဲဆွယ်မယ့် ကိစ္စကို ခရိုင် အာဏာပိုင် တွေက တားမြစ် ထားပေမယ့် ဒေါ်အောင်ဆန်း စုကြည် က မူလ စီစဉ် ထားတဲ့ အတိုင်း ဟောပြော ခဲ့ပါတယ်။

မနက် ၈ နာရီမှာ ဥတ္တရ သီရိ မြို့နယ် တောင်ညိုရွာက စပြီး ညနေပိုင်း ဒက္ခိဏသီရိ မြို့နယ် ညောင်ကုန်း ကျေးရွာထိ ၅ နေရာမှာ လူထုနဲ့ တွေ့ဆုံခဲ့တာပါ။

ခရိုင် အာဏာပိုင် တွေက မဲဆွယ်မှုကို တားပေမယ့် ဒေါ်အောင်ဆန်း စုကြည် က သူ့အနေနဲ့ ကိုယ်စားလှယ်တွေ အတွက် မဲဆွယ်တာ မဟုတ်ကြောင်း လူထုကို ရှင်းပြပါတယ်။

နိုင်ငံ ပြောင်းလဲဖို့ ဆိုတာ စနစ် ပြောင်းနိုင်မှ ပြောင်းနိုင် မှာမို့ ဒီစနစ် ပြောင်းဖို့ လူထု ဘက်က အမြဲ ရပ်ခဲ့တဲ့ ပါတီကို ရွေးချယ်ဖို့ လိုတဲ့ အကြောင်း ကိုလည်း ပြောခဲ့ပါတယ်။

ဒေသခံ တွေက သူတို့ရဲ့ လယ်တွေ ယာတွေ သိမ်းခံရ တဲ့ကိစ္စ ကူညီပေးဖို့ ပြောတဲ့ အခါ မှာတော့ သူ အစိုးရ ဖြစ်မှ ကူညီ နိုင်မှာမို့ အစိုးရ ဖြစ်အောင် NLD ပါတီကို မဲပေးပါလို့ ဆိုခဲ့ပါတယ် ။

ဒေါ်အောင်ဆန်း စုကြည် ဟောတဲ့ နေရာတိုင်းမှာ လူ ၂ဝဝ ကနေ ၅ဝဝ ကြား လာရောက် နားထောင်ကြ တယ် လို့ ဒေသခံ သတင်းထောက် တွေက ပြောပါတယ်။

ဇမ္ဗူသီရိ မြို့နယ် သပြေကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး နားမှာ တော့ တူညီဝတ်စုံ ဝတ်ထား တဲ့ လူ ၁ဝ ယောက် ကျော်က ရိုဟင်ဂျာ ထောက်ခံ တဲ့ NLD ပါတီအလိုမရှိ ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြ ခဲ့ကြပါတယ်။

နိုင်ငံရေး သမား တွေကို ဝေဖန်တဲ့ ဆောင်းပါး တွေ ရေးတဲ့ ငါးမင်းဆွေ ဆိုတဲ့သူ ကလည်း လောက်ကိုင် တိုက်ပွဲ မှာ တိုက်ခဲ့တာ NLD နဲ့ ၈၈တွေ မဟုတ်၊ တပ်မတော်သား တွေသာ ဖြစ်ပြီး တပ်မတော်သား တွေပဲ သေခဲ့ တာမို့ ဘယ်သူ့ကို မဲပေးမလဲ စဉ်းစားပါ ဆိုတဲ့ စာရွက်တွေကို ဟောပြောပွဲ တွေ နားမှာ ဝေခဲ့ပါတယ်။

အရင် ရက်က မဲဆွယ်စည်းရုံး ဟောပြောခွင့် ပိတ်ပင်ခဲ့တဲ့ အာဏာပိုင် တွေကတော့ တားမြစ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ