NLD ကိုယ်စားလှယ်လောင်း ၆ဦး ပယ်ချခံရ

  • 31 ဩဂုတ် 2015
_nld_
Image caption ကိုယ်စားလှယ်လောင်း ၁၃၀၀ ကျော်ကို အဆင့်ဆင့် သေချာ စိစစ်ပြီး ရွေးချယ် တင်သွင်း ခဲ့တာ ဖြစ်တယ် လို့ NLD ပါတီက ပြောထား။

၂၀၁၅ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း အရည်ချင်း စိစစ်တဲ့ နောက်ဆုံးရက် ဖြစ်တဲ့ ဩဂုတ်လ လ ၃၁ ရက် ညနေပိုင်း အထိ ရရှိထားတဲ့ သတင်းတွေ အရတော့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က တင်သွင်းထား တဲ့ ကိုယ်စားလှယ်လောင်း တွေထဲက ၆ ဦး ကို သက်ဆိုင်ရာ ခရိုင်အဆင့် ရွေးကောက်ပွဲ ကော်မရှင်တွေ က ပယ်ချ ထားပါတယ်။

မန္တလေးတိုင်းမှာ ၂ယောက်၊ ရှမ်းပြည်နယ်မှာ ၂ယောက်၊ ကယားနဲ့ ရခိုင်ပြည်နယ် တို့မှာ ၁ ယောက်စီ စုစုပေါင်း ၆ ယောက် ဖြစ်ပါတယ်။

ပါတီကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်း ၁၃၀၀ ကျော်ကို အဆင့်ဆင့် သေချာ စိစစ်ပြီး ရွေးချယ် တင်သွင်း ခဲ့တာ ဖြစ်တယ် လို့ NLD ပါတီက ပြောထား ပေမယ့် အခုလို ကော်မရှင် ရဲ့ ပယ်ချမှု တွေ ကြုံလာရတာ ဖြစ်ပါတယ်။

တခြား ပါတီတွေနဲ့ နှိုင်းယှဉ်ရင် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ဟာ ပိုပြီး စစ်စစ် ပေါက်ပေါက် စိစစ်တာ ခံရတယ် ဆိုပြီးNLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် လည်းဖြစ်၊ ကိုယ်စားလှယ်လောင်းများ ဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ လည်း ဖြစ်တဲ့ ဦးဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ကိုယ်စားလှယ်လောင်း စိစစ်ခြင်း မှာ မညီမျှ မှုတွေ ရှိနေတယ် ဆိုတဲ့ တွေ့ရှိ ထားချက်တွေ ကို လိုအပ်လာရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို စာရေးသား အကြောင်းကြားမယ် လို့လည်း ဦးဝင်းမြင့် က ဆိုပါတယ်။

ဒါပေမယ့်၊ အပယ်ခံ ရသူတွေ ဟာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အဆင့် ရွေးကောက်ပွဲ ကော်မရှင် တွေ မှာသာ အယူခံ တင်ခွင့် ရှိပြီး အဲဒီ့ အဆင့်က ထွက်လာမယ့် အဆုံးအဖြတ် ဟာ နောက်ဆုံး အတည်ပဲ ဖြစ်ပါတယ်။

အယူခံ မှာပါ ထပ်ပြီး ရှုံးသွားမယ် ဆိုရင်တော့ အပယ်ခံ လိုက်ရမယ့် ကိုယ်စားလှယ် တွေ အတွက် လျာထားထားတဲ့ မဲဆန္ဒနယ် တွေ မှာ အစားထိုးခွင့် မရှိတာ ကြောင့် အဲဒီ့ မဲဆန္ဒနယ် နေရာတွေ လက်လွတ် ဆုံးရှုံး ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ