ချင်းပြည်နယ် ရွေးကောက်ပွဲ ဆိုင်းငံ့ဖွယ်ရှိ

  • 2 စက်တင်ဘာ 2015
U Tin Aye
Image caption နောက်လွှတ်တော် အချိန်မီဖွဲ့နိုင်ဖို့လို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရန်ကုန်မြို့မှာ စက်တင်ဘာလ ၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မိုးရွာ၊ ရေကြီး၊ မြေပြို၊ ရွှံ့ဖုံးဆိုတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်ခဲ့တဲ့ ချင်းပြည်နယ်မှာ ဒေသခံအစိုးရ အဖွဲ့က တင်ပြလာတဲ့ အတွက် ရွေးကောက်ပွဲကို ဆိုင်းငံ့ကောင်း ဆိုင်းငံဖွယ်ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

၂၀၁၆ ခုဇန္နဝါရီလ ၃၁ ရက်မှာ လက်ရှိလွှတ်တော်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် နောက်လွှတ်တော်ကို အချိန်မီ ဖွဲ့စည်းနိုင်ဖို့ အရေးကြီးတယ်လို့လည်း ဉီးတင်အေးက ပြောပါတယ်။

ဒါ့ကြောင့် တကယ်လို့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရင်တောင်မှ တကယ်မကျင်းပနိုင်တဲ့နေရာတွေမှာသာ ရွှေ့ဆိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သွားရေးလာရေး ဘယ်လောက်ခက်ခဲတယ်။ မဲရုံတွေရှိရာကို မဲပေးတဲ့သူတွေ လာရောက်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာတွေကို သေသေချာချာ ဆန်းစစ် လေ့လာပြီးမှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နားလည်မှု စာချွန်လက်မှတ် ရေးထိုးထားတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီအဖွဲ့အစည်းတွေကတော့ ဥရောပသမဂ္ဂ၊ Carter Foundation၊ ANFREL ၊ General Concern တို့ဖြစ်တယ်လို့ ဆိုပါတယ်။