ဟုမ္မလင်း၊ ခန္တီးနဲ့ အနီးရွာတွေ ရာချီပြီး ရေမြုပ်နေ

  • 3 စက်တင်ဘာ 2015
sagine_flood
Image caption ဇူလိုင်လ အကုန်ပိုင်း တုန်းကလည်း ရုတ်တရက် ရေကြီးခဲ့လို့ ကြိုတင် ပြင်ဆင် ချိန် ဘာမှ မရလိုက်ပဲ အပျက်အစီး အဆုံးအရှုံး ကြီးခဲ့ ရ။

အခု ရက်ပိုင်းတွေမှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ မိုးများနေတဲ့ အတွက် တနိုင်းမြစ်နဲ့ ချင်းတွင်းမြစ်ရေ တိုးတာကြောင့် စစ်ကိုင်းတိုင်း ခန္တီး နဲ့ ဟုမ္မလင်း မြို့ပေါ် တွေ အပါအဝင် ဒေသတွင်း ကျေးရွာပေါင်း ၁၀၀ ကျော် မှာ ရေဝင်နေပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ နေရပါတယ်။

ခန္တီး မှာ ရေဘေး ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ပေး ထားပြီး လူဦးရေ ၂ ထောင်ကျော် ကို နေရာ ချပေး ထားတယ် လို့ အာဏာပိုင် တွေ က ထုတ်ပြန် ပါတယ်။

တောင်စောင်းပေါ် တည်ထားတဲ့ ခန္တီး မြို့ ရဲ့ အမြင့်ပိုင်း မှာ ခြေသလုံးဝက် လောက် ထိ ရေဝင် ပေမယ့် အနိမ့်ပိုင်း ရပ်ကွက် တွေ တော့ ရေမြုပ် နေပြီး အဆိုးဆုံး နေရာတွေ မှာ အိမ်လုံးကျွတ် မြုပ် နေတယ် ဆိုပြီး မြို့ခံ တွေ က ပြောပါတယ်။

ဘေးလွတ်ရာ ပြောင်းရွှေ့ရေး မှာ အာဏာပိုင် တွေ ဘက် က ကူညီ ပံ့ပိုးမှု အားနည်း တဲ့ အတွက် လူတွေ ဟာ ကိုယ့် အစီစဉ် နဲ့ ကိုယ် ပြောင်းရွှေ့ နေရ တယ် လို့ ခန္တီးမြို့ခံ တစ်ဦး ဖြစ်တဲ့ ကိုအောင်ဆန်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဟုမ္မလင်း မြို့ ကတော့ အနိမ့် ပိုင်း ရောက် တဲ့ အတွက် ပိုပြီး ရေလွှမ်း ခံ နေရတယ် လို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးမောင်မောင်ခင် က ဆိုပါတယ်။

ဒါပေမယ့် ဒီ တကြိမ် မြစ်ရေကြီးမှု ကို အာဏာပိုင် တွေ ဘက် က ကြိုတင် သတိပေး ချက် ထုတ်ပြန် ခဲ့လို့ ဒေသခံ ကြက်ခြေနီ တွေ အနေနဲ့ ပြောင်းရွှေ့ရေး ကိစ္စတွေကို စောစီးစွာ လုပ်ဆောင် နိုင်ခဲ့တယ် လို့လည်း ဦးမောင်မောင်ခင် က ပြောပါတယ်။

ဟုမ္မလင်းမြို့ ကို ကားလမ်း အဆက်သွယ်၊ တယ်လီဖုန်း အဆက်သွယ်တွေ ပြတ်တောက် နေပြီး ရေလမ်း တခုကိုပဲ အားထား နေရတယ်လို့ ဟုမ္မလင်းနဲ့ အနီးဆုံး နေရာက ဒေသခံတွေက ပြောပါတယ်။

အဲဒီ့ ဒေသတွေ မှာ ပြီးခဲ့တဲ့ ဇူလိုင်လ အကုန်ပိုင်း တုန်းကလည်း ရုတ်တရက် ရေကြီးခဲ့လို့ ကြိုတင် ပြင်ဆင် ချိန် ဘာမှ မရလိုက်ပဲ အပျက်အစီး အဆုံးအရှုံး ကြီးခဲ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ