စာနယ်ဇင်းကောင်စီ (ယာယီ) ကို ပြုပြင်ဖွဲ့စည်းမယ်

  • 3 စက်တင်ဘာ 2015
media_council_myanmar
Image caption မီဒီယာကောင်စီ ဖွဲ့စည်းကြတော့မယ်

စာနယ်ဇင်းကောင်စီ (ယာယီ) ကို သတင်း မီဒီယာကောင်စီအဖြစ် ပြောင်းလဲ ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ကောင်စီဝင်အဖြစ် အရွေးခံလိုသူ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ဒီနေ့က စလို့ ရက်ပေါင်း ၃၀ အတွင်းမှာ စာရင်း သွင်းနိုင်ကြပြီဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီ ယာယီကို ဖွဲ့စည်းခဲ့တုန်းကတော့ အစိုးရနဲ့ စာနယ်ဇင်း အသိုင်းအဝိုင်းက ခန့်အပ်သူတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အခုအသစ်ဖွဲ့စည်းမယ့် သတင်းမီဒီယာ ကောင်စီမှာတော့ ကောင်စီဝင် အများစုကို ရွေးချယ် တင်မြှောက်ကြရမှာ ဖြစ်ပါတယ်။

ဒီလို ရွေးချယ်တင်မြှောက်ဖို့ ကိုတော့ အစိုးရက ဖွဲ့ပေးထားတဲ့ သတင်းမီဒီယာ ကောင်စီ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ကနေ ဆောင်ရွက်မှာ ဖြစ်ပြီး စီးပွားရေးပညာရှင် ဦးမော်သန်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် တစ်ဦးအပြင် စာနယ်ဇင်းလောက နဲ့ ပြင်ပက တတ်သိပညာရှင်လို အဖွဲ့ဝင် (၉)ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ကောင်စီအသစ်အတွက် ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်း (၂၉)ဦး ထဲမှာ MJA၊ MJU၊ MJN နဲ့ BNI စတဲ့ မီဒီယာအဖွဲ့တွေ ၊ သတင်းအေဂျင်စီ နဲ့ စာပေလောက က အချိုးကျ တင်သွင်းတဲ့ ကိုယ်စားလှယ်တွေ ပါဝင်မှာပါ။ သမ္မတ နဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တွေက တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း (၃)ဦးကိုတော့ တိုက်ရိုက်ခန့်အပ် ရမှာ ဖြစ်ပါတယ်။

အခု မီဒီယာကောင်စီကို သတင်းမီဒီယာ ဥပဒေ ၊ နည်းဥပဒေတွေအရ ဖွဲ့စည်းတာ ဖြစ်ပြီးသတင်းသမားတွေရဲ့ အခွင့်အရေး သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ တိုင်ကြားစာတွေ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောပါတယ်။

အခုဖွဲ့မယ့် သတင်းမီဒီယာ ကောင်စီမှာ ကောင်စီဝင် အဖြစ် အရွေးခံလိုသူတွေဟာ စက်တင်ဘာ ၃ ရက်နေ့ ကစလို့ ရက်ပေါင်း (၃၀)အတွင်း အမည်စာရင်းတင်သွင်းနိုင်ပြီး ဒီကနေ ရွေးချယ်ခံရသူစာရင်းကိုတော့ နောက်ထပ် ရက် (၃၀)အတွင်း ကောင်စီ ရွေးချယ်ရေး အဖွဲ့ကနေ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ယာယီစာနယ်ဇင်းကောင်စီကို မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမျိုး မရှိဘူးလို့ သတင်းသမားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှု တွေ ရှိခဲ့ပါတယ်။