၀နယ်တွေထဲ မ၀င်နိုင်လို့ ရွေးကောက်ပွဲ ပြင်ဆင်မှု ဘာမှ မလုပ်နိုင်

  • 3 စက်တင်ဘာ 2015
uwsa_
Image caption ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က သာ မီးစိမ်းပြ ခွင့်ပြုပြီး ဒေသ တွင်း တည်ငြိမ် ငြိမ်းချမ်းမှု အတိုင်းအတာ ကလည်း လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပ နိုင်တဲ့ အခြေအနေ မှာ ရှိရင်တော့ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ ပြုလုပ် ပေးဖို့ အသင့်ပဲ လို့ ဘီဘီစီကို ပြော။

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ထဲ မှာ မြို့နယ် ၆ ခု ရှိတဲ့ အနက် မြို့နယ်၂ ခု မှာ သာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းတွေ ပြုစု နိုင်ခဲ့ပြီး ကျန် ၄ မြို့နယ် မှာတော့ ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲလည်း မရှိ၊ မြန်မာ အာဏာပိုင် တွေ အနေနဲ့ ဝင်ထွက် သွားလာ လို့ မရ ဖြစ် နေတယ် လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ အရာရှိ တစ်ဦး က ပြောပါတယ်။

ဒါ့ကြောင့် မဲဆန္ဒရှင် စာရင်း ပြုစု နိုင်ခဲ့တဲ့ ဟိုပန် နဲ့မက်မန်း ၂ မြို့နယ် မှာပဲ ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့ အခြေအနေ ရှိနေ တယ် ဆိုပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးသန်းလွင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

ကျန် ၄ မြို့နယ် ဖြစ်တဲ့ မိုင်းမော၊ ပန်ဆိုင်း၊ နာဖန် နဲ့ ပန်ဝိုင် တို့ ကို ပါ မဲဆန္ဒနယ် တွေ အဖြစ် လောလောဆယ် မှာ ထည့်သွင်း သတ်မှတ် ထားပေမယ့် နောက်ဆုံး အခြေအနေ ထိ မဲဆန္ဒရှင် စာရင်း မပြုစု နိုင်ဘူး ဆိုရင်တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က အဲဒီ့နယ် တွေ မှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတယ် ဆိုတာမျိုး ဒါမှမဟုတ် မဲဆန္ဒနယ် တွေ အဖြစ် က ပယ်ဖျက် တယ် ဆိုတာမျိုး ကြေညာ လာနိုင် တယ် လို့လည်း ဦးသန်းလွင်မြင့် က ဆိုပါတယ်။

ဒါပေမယ့် အဲဒီ့ဒေသ တွေကို အုပ်ချုပ် နေတဲ့ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က သာ မီးစိမ်းပြ ခွင့်ပြုပြီး ဒေသ တွင်း တည်ငြိမ် ငြိမ်းချမ်းမှု အတိုင်းအတာ ကလည်း လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပ နိုင်တဲ့ အခြေအနေ မှာ ရှိရင်တော့ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ ပြုလုပ် ပေးဖို့ အသင့်ပဲ လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးသန်းလွင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

အခုလို UWSA ရဲ့ ထိန်းချုပ် နယ်မြေ တွေမှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ မသေချာ နိုင်တဲ့ အခြေအနေ နဲ့ ပတ်သက်လို့ အနှစ်သာရ ရှိတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ထွန်း မလာမချင်း လက်နက်ကိုင် အဖွဲ့အစည်း ကပဲ ဦးဆောင် နေဦးမယ့် သဘောမှာပဲ ရှိနေတယ် ဆိုပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်၁၂ က ဝ ဒေသ အတွက် အမျိုးသား လွှတ်တော်အမတ် ဦး စိုင်းပေါင်းနပ် က ဘီဘီစီ ကို ပြောပါတယ်။

UWSA ဟာ မြန်မာ အစိုးရနဲ့ အကြား အပစ်ရပ် သဘောတူထားတာ ၁၉၈၉ ခုနှစ် ကတည်းက ဖြစ်ပြီး၊ အဲဒီ့ ဒေသတွေ မှာ တိုက်ပွဲတွေ လည်း မရှိပါဘူး။

ဒါပေမယ့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ဟာ နိုင်ငံရေး ဆွေးနွေးပွဲ တွေ လုပ်နိုင်တဲ့ အဆင့်ကို မတက်လှမ်း နိုင်သေး ဖြစ်နေရတဲ့ အတွက် မြန်မာ အစိုးရ အနေနဲ့ UWSA ချုပ်ထိန်းမှု အောက်က နယ် တွေ မှာ ရွေးကောက်ပွဲ ကျင်းပ ပေး နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှု တွေ မလုပ်ဆောင် နိုင် ဖြစ်နေရတယ် လို့ အကဲခတ် တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ