ရေကြီးမှု နောက်ဆက်တွဲ စားနပ်ရိက္ခာ ရှားပါးနိုင်တယ်လို့ FAO သတိပေး

_myanmar_flooding ဓာတ်ပုံ မူပိုင် afp
Image caption တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ မုန်တိုင်းတွေ၊ ရေကြီးမှုတွေ နဲ့ မြေပြို မှု တွေ ကြုံတွေ့ လာခဲ့ရ။

မြန်မာနိုင်ငံတဝှမ်း ကြုံတွေ့ခဲ့ရတဲ့ ရေဘေးဒဏ် ဟာ တိုင်းပြည်ရဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း ကို အကြီးအကျယ် ထိခိုက် ခဲ့ရတာ ကြောင့် လယ်သမားတွေ ပြန်လည် စိုက်ပျိုး နိုင်ရေး အတွက် အချိန်မှီ ကူညီ ထောက်ပံ့မှု တွေ မလုပ် ဘူးဆိုရင် ပြည်တွင်း မှာ စားနပ် ရိက္ခာ ရှားပါးမှုကို ကြုံတွေ့ လာနိုင်ရတယ် ဆိုပြီး ကုလသမဂ္ဂ စားနပ် ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO က သတိပေး ထားပါတယ်။

ရေဘေး ဒဏ် နောက်ပိုင်း ပြန်လည် ထူထောင် ရေး လုပ်ငန်းတွေ လုပ်ဆောင် နိုင်ဖို့ မြန်မာ အစိုးရ ကို ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေ အပါအဝင် တခြား ကယ်ဆယ် ထောက်ပံ့ရေး လုပ်ဆောင် ကြတဲ့ အသင်းအဖွဲ့တွေ အနေနဲ့ အကူအညီ ပေးနေကြ ပေမယ့် အဲဒီ့ အဖွဲ့တွေ ကိုယ်၌ ရံပုံငွေ လျော့နည်း နေတဲ့ အခက်အခဲတွေ ကြုံတွေ့ နေရလို့ အကူအညီ ပေးနိုင်တဲ့ အတိုင်းအတာ ကလည်း အကန့်အသတ် နဲ့ပဲ ဖြစ်နေရတယ် လို့ လည်း FAO က ဆိုပါတယ်။

မြန်မာနိုင်ငံ မှာ ဒီနှစ် မုတ်သုံ ရာသီ ဥတု ပြင်းထန်ပြီး တစ်လလုံး မိုးကြီး ခဲ့ရတဲ့နောက် ပိုင်း ဇူလိုင် လ အကုန် မှာ ဆိုင်ကလုန်း ကိုမင် (Komen) လည်း ဝင်ရောက် လာတဲ့ အတွက် တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ မုန်တိုင်းတွေ၊ ရေကြီးမှုတွေ နဲ့ မြေပြို မှု တွေ ကြုံတွေ့ လာခဲ့ရတာ ဖြစ်ပါတယ်။

စိုက်ပျိုးမြေ ဧက ၁.၄ သန်း လည်း ရေလွှမ်း ခံ ခဲ့ ရပြီး အဲဒီ့ ထဲ ကမှာ စပါး စိုက်ပျိုး ထားနှင့်ပြီး လယ်မြေ အများစု ဖြစ်တဲ့ ဧက ၁ သန်း နီးပါး က ကောက်နှံ တွေ ဆုံးရှုံး သွားရတယ် လို့ FAO က ဆိုပါတယ်။

ရေပြန် ကျ သွားပြီး ရွှံ့နွံ တွေ တင်ကျန် ရစ် ခဲ့တဲ့ လယ်မြေ တွေ ကို ပြန်လည် ပြုပြင် ဖို့ စက်ယန္တယား နဲ့ စက်သုံးဆီ အကူအညီ တွေ လိုအပ် ပြီး ပြန်လည် စိုက်ပျိုးဖို့ အတွက် မျိုးစပါး၊ထွန်စက် နဲ့ လုပ်အားခ ရှင်းဖို့ အတွက် ငွေသား အကူအညီ တွေ လည်း လယ်သမား တွေကို ထောက်ပံ့ ပေးဖို့ လိုအပ် မယ် ဆိုပြီး တော့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာစိုးထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ရေဘေးဒဏ် ကာလ တွေ မှာ ပြည်တွင်း ဆန်လုံလောက် မှု ရှိ အောင် ဩဂုတ် လ အစ ကနေ အခုလ စက်တင် ဘာ ၁၅ ရက် နေ့ အထိ နိုင်ငံခြား ကို ဆန် တင်ပို့မှု ရပ်ဆိုင်း ထားခဲ့တယ် လို့လည်း ဒေါက်တာ စိုးထွန်း ကဆိုပါတယ်။

ဒါပေမယ့် အောက်တိုဘာ မှာ မိုးစပါးသစ် တွေ ပေါ် တော့ မှာ ဖြစ်တဲ့ အတွက် လယ်သမားတွေ အတွက် စပါးစျေး မကျ ရအောင် စက်တာဘာ လလယ် က စလို့ နိုင်ငံခြား တင်ပို့မှု ပြန်လည် ဖွင့်လှစ် ဖို့ လုပ်ဆောင် ရတာ ဖြစ်တယ် ဆိုပြီး ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

မြစ် ရေကြီး မှု တွေ မြို့ရွာ တွေ အတွင်း ရေလျှံ နစ်မြုပ်မှု တွေ လည်း မြန်မာ နိုင်ငံ နေရာ တချို့ မှာ ဆက်လက် ဖြစ် ပေါ် နေဆဲ ဖြစ်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီး နဲ့ ဟုမ္မလင်း မြို့တွေ အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ တွေ ရာနဲ့ ချီပြီး ရေကြီး နေ သလို၊ အခုဆို မြစ်သာ မြစ်ရေနဲ့ ချင်းတွင်း မြစ်ရေ တိုးနေတာကြောင့် ဒီမြစ်၂ခုဆုံတဲ့ နားက ကလေးဝ မြို့မှာ စက်တာဘာ ၄ ရက် နေ့ က စလို့ ရေ စတင် ဝင် နေပြီလို့ မြို့ခံ တွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ