ပယ်ခံရတဲ့ NLD ကိုယ်စားလှယ်လောင်း ၂ဦး ရွေးကောက်ပွဲ ဝင်ခွင့်ရ

  • 6 စက်တင်ဘာ 2015
Image caption NLD ပါတီကနေ ကိုယ်စားလှယ်လောင်း ၁၁၃၂ဦး ဝင်ပြိုင်မယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စာရင်းပေးထားတဲ့ ပါတီ အသီးသီး အတွက် ကိုယ်စားလှယ် ၆၁၀၀ ကျော် စာရင်းပေး ထားတဲ့အထဲက သတ်မှတ်ထားတဲ့ အရည်အချင်း မကိုက်ညီဘူးဆိုပြီး ကိုယ်စားလှယ်လောင်း ၈၈ဦး ပယ်ချခံ ခဲ့ရရာမှာ အယူခံဝင်ခဲ့သူတွေထဲက ၆ဦး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ပြန်ရခဲ့ပါတယ်။

အဲဒီထဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် ကချင်ပြည်နယ်ကနေ ဝင်ပြိုင်မယ့် ကိုယ်စားလှယ် ၂ဦး ပါဝင်ပါတယ်။

သူတို့ကို မတရားသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့တာ ဖြစ်ကြောင်းနဲ့ အထောက်အထား မခိုင်လုံကြောင်း သက်သေပြနိုင်တဲ့ အတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ပြန်ရခဲ့တာ ဖြစ်ကြောင်း NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ် ဗဟိုကော်မီတီဝင် ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

NLDနဲ့ ပါတီတချို့ကို စစ်စစ်ပေါက်ပေါက် အပြစ် အနာအဆာ ရှာသလို အာဏာရ ပါတီလို တခြားပါတီကြီးတွေကို ရှာမယ် ဆိုရင် အပြစ်ချွတ်ယွင်းချက် မတွေ့ရဘူးလို့ မပြောနိုင် ကြောင်းလည်း သူက ပြောသွားပါတယ်။

NLD ပါတီအတွက် အခုအခါ ကိုယ်စားလှယ်လောင်း ၁၁၃၂ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။