စစ်တပ်နဲ့ ကေအိုင်ကေ မတိုက်ဖို့ ညွှန်ကြား

  • 7 စက်တင်ဘာ 2015
ကေအိုင်အေ တပ်သား ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုင်အေ တပ်သား

စက်တင်ဘာ (၉)ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဖို့ အတွက် တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင် တွေ ရန်ကုန်မြို့ကို ဒီကနေ့မှာ ရောက်ရှိနေကြပါပြီ။ နေပြည်တော်မှာ တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။ ဒီ တွေ့ဆုံပွဲ ကာလ အတွင်း အစိုးရတပ် နဲ့ ကချင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်ကေ တို့ အကြား နှစ်ဘက် တိုက်ခိုက်မှု မရှိဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ကို အောက်ခြေကို ညွှန်ကြား ထားတယ်လို့ သိရှိရပါတယ်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်(ပီစီဂျီ) က ဦးဆန်းအောင် ပြောပြ တာကတော့ နှစ်ဘက်စလုံးက အောက်ခြေကို ထိတွေ့မှု မရှိဖို့ စာနဲ့ပေနဲ့ မဟုတ်ပဲ နှုတ်အားဖြင့် ညွှန်ကြား ထားတယ်လို့ ကြားရပါတယ်။ ကေအိုင်အေ ဘက်ကတော့ သူတို့ကိုယ်တိုင် ပြောပြလို့ သိရပါတယ်။

အစိုးရဘက် နဲ့ နီးစပ်သူများက ဒီလို တွေ့ဆုံမဲ့ အချိန်မှာ နှစ်ဘက် တိုက်ခိုက်မှု မဖြစ်ဖို့ အလေးထားရမယ်လို့ အမြဲတမ်း ပြောနေတဲ့ အခါကျတော့ ဒီလို ညွှန်ကြားမှု ရှိတယ်လို့ ပြောလို့ ရပါတယ်။ အစိုးရတပ် နဲ့ ကချင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့ တို့ အကြား ဩဂုတ်လ (၂၉) ရက်နေ့က ဆွန်ပရာဘွမ် ဘက်မှာ နောက်ဆုံး တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ ကချင်ပြည် လွတ်မြောက်ရေး တပ်တွေ ရှိတဲ့ နေရာနဲ့ အစိုးရတပ် တွေ ရှိတဲ့ နေရာဟာ နီးကပ် နေတဲ့ အတွက်ကြောင့် နှစ်ဘက် တိုက်ခိုက်တာတွေ ရပ်ဆိုင်းမှုဟာ ဘယ်အချိန်ထိ အာမခံမလဲ ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင် က ပြောပြခဲ့တာ ဖြစ်ပါတယ်။

စစ်ပြေး ဒုက္ခသည် တွေ အတွက် ရိက္ခာပို့ လမ်းကြောင်းကို အစိုးရ စစ်တပ်က ပိတ်ပင်ထားတဲ့ အတွက်ကြောင့် လူတွေနဲ့ ကုန်းကြောင်းက သယ်နေရလို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။