၂​၀​၁​၅ ရွေး​ကောက်​ပွဲ မဲ​ဆွယ်​ကာလ စတင်ပြီ

  • 7 စက်တင်ဘာ 2015
daw_su_u_htay_oo
Image caption ကြံ့ခိုင်ရေးပါတီ နဲ့ NLD ပါတီ ခေါင်းဆောင် ၂ ဦး ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် လွှတ်တော်တွင်း တွေ့ရစဉ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ အသီးသီး နဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်း တွေ အတွက် မဲဆွယ်ဖို့ ခွင့်ပြုထားတဲ့ ကာလ စက်တင်ဘာ ၈ ရက်မှာ စတင်ပြီ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး စီမံချက် တွေ ရေးဆွဲပြီး အသင့်ရှိနေသလို အောက်ခြေ အဆင့် တွေ ကိုလည်း ညွှန်ကြားချက်တွေ ပေးထားပြီး ဖြစ်တယ် လို့ ကြံ့ခိုင်ရေးပါတီ ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဦးတင့်ဇော် က ပြောပါတယ်။

ဒါ့အပြင် ပါတီ ရဲ့ နိုင်ငံရေး မူဝါဒ နဲ့ လုပ်ငန်းစဉ် တွေ ကို ဖော်ပြတဲ့ ကြေညာစာတမ်း ကိုလည်း ထုတ်ပြန် ဖို့ ရှိတယ် လို့ ဦးတင့်ဇော် က ဆိုပါတယ်။

အဓိက အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဘက်က လည်း အလားတူပဲ ပါတီရဲ့ ကြေညာစာတမ်း တစ်စောင် မကြာခင် ထွက် လာမယ် ဆိုပြီး နောင်ချို မြို့နယ် က နေ NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း အနေနဲ့ ဝင်ပြိုင်မယ့် ဦးထွန်းထွန်းဟိန် က ဘီဘီစီ ကို ပြောပါတယ်။

NLD အနေနဲ့ ပြည်သူလူထု ကြား ထဲ ရောက် အောင် သွားပြီး မဲဆွယ် စည်းရုံးမှု တွေ လုပ်မှာ ဖြစ်တယ် လို့လည်း ဦးထွန်းထွန်းဟိန် က ဆိုပါတယ်။

တိုင်းရင်းသား ဒေသတွေ မှာတော့ သက်ဆိုင်ရာ တိုင်းရင်းသား ပါတီ တွေ ပဲ ရွေးကောက်ပွဲ မှာ အနိုင်ရနိုင်တယ် ဆိုပြီး ကျားဖြူပါတီ လို့ အသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ရဲ့ ဥက္ကဌ စိုင်းအိုက်ပေါင်း က ပြောပါတယ်။

မြန်မာ့ နိုင်ငံရေး သုံးသပ်တဲ့ စာရေးဆရာ ဒေါက်တာ ရန်မျိုးသိမ်း ကလည်း အခု တခေါက် ၂၀၁၅ ရွေးကောက်ပွဲ မှာ တိုင်းရင်းသား ပါတီ တွေ က စုစုပေါင်း ၂၀% လောက်ထိ အနိုင်ရ လာနိုင်တယ် ဆိုပြီး သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ