သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ၉ဦး တွေ့မယ်။

  • 9 စက်တင်ဘာ 2015
Image caption တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမယ်

သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့် ခေါင်းဆောင် ၉ ဦးတို့ ဒီကနေ့ စက်တင်ဘာလ ၉ရက်နေ့မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

တိုင်းရင်းသား အဆင့်မြင့် ခေါင်းဆောင် အဖွဲ့ထဲမှာ တိုင်းရင်းသား ထိပ်သီး ညီလာခံကနေ ရွေးချယ်ပေးလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ၅ဦး၊ SD ခေါင်းဆောင် ၃ဦးနဲ့ NCCT က ပဒို ကွယ်ထူးဝင်းတို့ ပါဝင်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင် လက်မှတ်ထိုးရေးအတွက် ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးကြမယ်လို့ မျှော်လင့်ထား ကြပါတယ်။

မြန်မာ ငြိမ်းချမ်းရေး စင်တာ ရဲ့ အထူး အကြံပေး ဦးလှမောင်ရွှေက ဒီတွေ့ဆုံပွဲမှာ ယုံကြည်မှု တည်ဆောက်နိုင်မယ်လို့ ယူဆကြောင်းနဲ့ တိုင်းရင်းသားတွေ ဘက်ကလည်း မရှင်းမလင်း ဖြစ်နေတဲ့ ကိစ္စတွေကို မေးတာမျိုး၊ အာမခံချက်တွေကို ဆွေးနွေးတာမျိုးတွေ လုပ်မယ်လို့ ယူဆကြောင်း၊ အဲဒီနောက်မှာ အစိုးရဘက်ကလည်း ဒီလ မကုန်ခင် တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်ရေးကို ဆက်ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဘီဘီစီကို ပြောပါတယ်။

အင်္ဂါနေ့တုန်းကတော့ ဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရ ဝန်ကြီးတွေနဲ့အတူ PWC ဒုတိယ ဥက္ကဌ ဦးသိန်းဇော်တို့နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုတင် ညှိနှိုင်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။