နိုဝင်ဘာ ရွေးကောက်ပွဲအရေးပါဟု ဒေါ်စုပြော

  • 8 စက်တင်ဘာ 2015
NLD ပါတီဝင် တစ်ဦး စည်းရုံးစဉ်
Image caption NLD ပါတီဝင် တစ်ဦး စည်းရုံးစဉ်

နိုဝင်ဘာ ၈ ရက် မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးပွဲ တွေ စတင်နေပါပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေး အတွက် အရေးပါတဲ့ အခွင့်အရေး တစ်ရပ်လို့ ပြောပါတယ်။

ပြည်သူ လူထု တစ်ရပ်လုံး က ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရဖို့နဲ့ ရွေးကောက်ပွဲနေ့ ရောက်တဲ့ အခါမှာ သွားရောက် မဲပေးကြဖို့။ မဲပေးတဲ့ အခါမှာလည်း နိုင်ငံရဲ့ အနာဂတ်၊ မျိုးဆက်သစ်တို့ရဲ့ အနာဂတ်ကို ထည့်သွင်း စဉ်းစားပြီးတော့ မဲပေးကြဖို့၊ ရှေ့ကို မျှော်ကြည့်ပြီး ပြောင်းလဲချိန် တန်တဲ့ အခါမှာ ပြောင်းလဲဖို့ ဝိုင်းဝန်း ကူညီကြစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ အစ္စလာမ် ဘာသာဝင်တွေကို ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခြင်း မရှိခဲ့တာဟာ ဗုဒ္ဓဘာသာဝင် လူများစုရဲ့ အင်အားကို စိုးရိမ်လို့ပဲ ဖြစ်လိမ့်မယ်လို့ ရန်ကုန်မြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ ပြည်သူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်မယ်ဆိုတဲ့ဆောင်ပုဒ်နဲ့မဲဆွယ် စည်းရုံးရေးတွေ စတင်နေပြီး၊ တိုင်းရင်းသား ဒေသတွေမှာတော့ သူတို့ဒေသမှာ သူတို့တိုင်းရင်း သားတွေ ကိုယ်တိုင်အစိုးရဖွဲ့နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးဆိုတဲ့ အချက်တွေကို အဓိက ထားပြီး မဲဆွယ်စည်းရုံးနေကြတာကိုတွေ့ရပါတယ်။