အဓိကပါတီကြီးတွေ ဘယ်လောက် ကတိတည်နိုင်မလဲ

  • 8 စက်တင်ဘာ 2015
ကြံ့ခိုင်ရေးပါတီ မဲဆွယ်ပိုစတာ

နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးအတွက် တရားဝင်မဲဆွယ်ခွင့်ကို စက်တင်ဘာ ၈ရက်နေ့မှာ စတင်လိုက်ပါတယ်။ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသား ပါတီတွေ အခြားပြည်မက ပါတီတွေ တသီးပုဂ္ဂတွေဟာ အင်တိုက်အားတိုက် မဲဆွယ်ပွဲတွေ စခဲ့ကြပါတယ်။

မန္တလေးမြို့ပေါ်မှာတော့ ပြည်ခိုင်ဖြိုးပါတီနဲ့NLD ပါတီတို့က အလှပြယာဉ်ကြီးတွေသုံးပြီး တေးသီချင်းတွေနဲ့ မန္တလေး မြို့တွင်း မဲဆန္ဒရှင်တွေကို လှည့်လည် စည်းရုံးကြပါတယ်။

ပြည်ခိုင်ဖြိုး ပါတီကတော့ ပြည်သူလူထုရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက် ဆောင်ရွက်မယ်ဆိုပြီး ဆိုင်းဘုတ်တင်ကာ ရွေးကောက်ပွဲ မဲဆွယ်ပွဲကို စလိုက်ပါတယ်။ လက်ရှိ အာဏာရ ပါတီဟာ ၅နှစ်တာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး ပြည်သူရဲ့ဘဝ ဖွံ့ဖြိုးအောင် ဘာတွေလုပ်ပေးနိုင်သလဲ။ ရန်ကုန်ရှိ စီးပွားရေး ပညာရှင် ဉီးလှမောင်ကတော့ ဆင်းရဲမွဲတေမှု လျှော့ချရေး အစိုးရရဲ့ကြိုးပမ်းချက်တွေ မအောင်မြင်ပဲ စားဝတ်နေရေး ပညာရေး ကျန်းမာရေးမှာ ကျဆင်းတဲ့အပြင် ငွေကြေး ဖေါင်းပွမှု ဒေါ်လာစျေးတက်မှု ကုန်စျေးနှုန်းတက်မှု စတာတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

တကယ်လို့ ပြည်ခိုင်ဖြိုး ပါတီ ပြန်အရွေးခံရရင်လည်း ခေါက်ရိုးကျိုးနေတဲ့ အကျင့်စရိုက်တွေကြောင့် သိပ်ပြောင်းလဲမှု ရှိမယ်လို့ မမျှော်လင့်ဘူးလို့ ဉီးလှမောင်က ဘီဘီစီကိုပြောပါတယ်။

နောက်ထပ် အဓိက ပါတီကြီးဖြစ်တဲ့ NLD ပါတီအနေနဲ့ အမှန်တကယ်ပြောင်းလဲဖို့ NLD ကိုမဲပေးစို့ ဆိုပြီးမဲဆွယ်ခဲ့ပါတယ်။ လက်တွေ့မှာ NLD လွှတ်တော်အမတ်တွေရဲ့ ဆောင်ရွက်မှုတွေဟာ လူထုလိုအပ်ချက်တွေကို သိပ်မထင်ဟပ်နိုင်ဘူးလို့ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ ကိုအောင်ဇော်က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုရဲ့ ခေါင်းဆောင်မှုကိုလည်း ဝေဖန်မှုတွေထွက်ပေါ်နေပြီး ပါတီတွင်း ပြဿနာတွေလည်း ရှိနေတဲ့အကြောင်း၊ ဒါပေမယ့် အပြောင်းလဲကို လိုလားတဲ့ပြည်သူတွေအနေနဲ့ NLDမှတပါး တခြားရွေးစရာ သိပ်မရှိလို့ ပါတီရဲ့ မူဝါဒကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ NLD ပါတီကို တခဲနက် ထောက်ခံမဲ ပေးကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကိုအောင်ဇော်က သုံးသပ်သွားပါတယ်။