ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ် မဲဆွယ် ထွက်

  • 9 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ကယားပြည်နယ်တွင်းက NLD ကိုယ်စားလှယ်လောင်းတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ၃ရက်ကြာ မဲဆွယ် စည်းရုံးမယ်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၁၀ရက်နေ့မှာ ကယား ပြည်နယ်ကို ၃ရက်ကြာ မဲဆွယ် စည်းရုံးရေး ခရီးစဉ် စတင်ဖို့ ရှိပါတယ်။

ဒီခရီးစဉ်ဟာ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တရားဝင် မဲဆွယ် စည်းရုံးရေး ခရီးစဉ် ဖြစ်ပါတယ်။

အခုအခါ တရားဝင် မဲဆွယ် စည်းရုံးခွင့် ရပြီမို့ ကယားပြည်နယ်တွင်းမှာ ရှိတဲ့ NLD ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးပေးတဲ့ ခရီးစဉ် ဖြစ်တယ်လို့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ကယားပြည်နယ်ထဲက ၇မြို့နယ် စလုံးကို သွားရောက်မှာ ဖြစ်သလို အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိတဲ့ ရှားတောနဲ့ ဘော်လခဲ မြို့နယ်တွေမှာ လူထု ဟောပြောပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပြင် တသီး ပုဂ္ဂလ အနေနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်းက ရှားတောမြို့နယ်၊ ဦးစိုးသိန်းက ဘော်လခဲမြို့နယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခွဲထွက် ပါတီဝင်တွေ ပါဝင်တဲ့ ကယားလူမျိုးစု ဒီမိုကရေစီ ပါတီကလည်း မဲဆန္ဒနယ် အတော်များများမှာ ဝင်ပြိုင်ကြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၂ရက်နေ့ ညနေပိုင်းမှာ လွိုင်ကော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်လာမယ်လို့ သိရပါတယ်။