ရန်ကုန်တိုင်းမှာ ပါတီတွေ မဲဆွယ် စည်းရုံး

  • 9 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ က မဲဆွယ်စည်းရုံးဖို့ ပြင်

ပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ခွင့် ရတဲ့ ဒုတိယမြောက်နေ့ အဖြစ် စက်တင်ဘာလ ၉ရက်နေ့က ရန်ကုန်မြို့မှာ နိုင်ငံရေး ပါတီတွေ က မဲဆွယ် စည်းရုံး တာတွေ လုပ်နေပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ် တချို့မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၊ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတွေ စည်းရုံးမှုတွေ စလုပ်နေပါပြီ။

NLD ကတော့ ကျောက်တံတား နဲ့ ဗဟန်း မြို့နယ်တွေမှာ ပါတီအောင်နိုင်ရေး လက်ကမ်း စာစောင်ဝေတာတွေကို တရားဝင် မဲဆွယ်ခွင့် ရတဲ့ စက်တင်ဘာလ ၈ရက်နေ့ ကတည်းက စလုပ်ခဲ့ပါတယ်။

ပါတီ ဗဟိုက လုပ်မယ့် ရန်ကုန်တိုင်း ဒေသကြီး အောင်နိုင်ရေး မဲဆွယ် စည်းရုံးရေးတွေ ကိုတော့ လာမယ့် (၁၁)ရက်နေ့ကျမှ စလုပ်မှာ ဖြစ်ပြီး ကော့မှူး မြို့နယ် နဲ့ ဆိပ်ကြီး ခနောင်တို မြို့နယ်တွေကနေ စလုပ်ဖို့ ရှိပါတယ်။

NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ဝင်ပြိုင်မယ့် ကော့မှူး မဲဆန္ဒနယ်မှာ အမျိုးသား တိုးတက်ရေး ပါတီက ဒေါ်ယုယုခိုင် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီကတော့ မန္တလေးမှာလို အလှပြ ဖျော်ဖြေရေးယာဉ်တွေနဲ့ မြို့တွင်း လှည့်လည်တာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီနဲ့ ကျန်ပါတီငယ်လေးတွေကတော့ မဲဆွယ်တာတွေကို ခုထိ သိပ်မလုပ်ကြသေးပါဘူး။

ဒါပေမယ့် မကြာခင် ရက်ပိုင်းအတွင်းမှာတော့ ရန်ကုန်မှာ ပါတီတွေရဲ့ မဲဆွယ်တဲ့ အသံတွေ ကိုတော့ ပိုကြားလာရမှာ သေချာပါတယ်။