ဗဟိုအစိုးရဖွဲ့နိုင်မှ တိုင်းရင်းသားအခွင့်အရေး ဖြည့်ဆည်းနိုင်မယ်

  • 10 စက်တင်ဘာ 2015
suu_kyi_kayah_
Image caption ဗဟို အစိုးရ တစ်ရပ် ဖွဲ့စည်း နိုင်ဖို့ တိုင်းရင်းသား ဒေသတွေမှာ လည်း ဝင်ရောက် အရွေးကောက် ခံရတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ဗဟို အစိုးရ တစ်ရပ် ဖွဲ့စည်း နိုင်ဖို့ မဲဆန္ဒနယ် အများစု မှာ အနိုင် ရရှိ ရေး အတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွင်း တိုင်းရင်းသား ဒေသတွေမှာ လည်း ဝင်ရောက် အရွေးကောက် ခံရတာ ဖြစ်တယ် ဆိုပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက် ပါတယ်။

ကယားပြည်နယ် ကို မဲဆွယ် စည်းရုံးရေး ခရီး အ ဖြစ် စက်တင်ဘာ ၁ဝ ရက်နေ့ မှာ ရောက်ရှိ လာတုန်း ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောခဲ့တာပါ။

ဒေသခံ လူမျိုးစု တွေ ရဲ့ အခွင့်အရေး တွေ လျော့နည်း စေဖို့ အခုလို တိုင်းရင်းသား ဒေသ တွေ မှာ ဝင် အရွေးခံတာ မဟုတ်ပဲ ၊ ဗဟို အစိုးရ ဖွဲ့စည်း နိုင်မှ သာ တိုင်းရင်းသား တွေ ရဲ့ အခွင့်အရေး တွေ ကို NLD အနေနဲ့ ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်တယ် လို့လည်း ဒေါ် အောင်ဆန်းစုကြည် က ဆိုပါတယ်။

ကြာသာပတေး နေ့ မွန်းလွဲပိုင်း မှာ ကယားပြည်နယ် မြို့တော် လွိုင်ကော် ကို လေကြောင်း ခရီးနဲ့ ရောက်လာတဲ့ NLD ဥက္ကဌ ဟာ တစ်ရက်တည်း မှာပဲ ဒီမောဆိုးနဲ့ ဖရူဆို မြို့နယ် တွေကို သွားပြီး ဒေသခံ တွေကို ဟောပြော ခဲ့တာ ဖြစ် ပါတယ်။

တိုင်းရင်းသား ပြည်နယ်တွေ အရေးကို သက်ဆိုင်ရာ ဒေသခံ လူမျိုးစု တွေ ကို ကိုယ်စား ပြုတဲ့ တိုင်းရင်းသား ပါတီ အသီးသီး က ကိုယ်ထူကိုယ် ထ လုပ်ဆောင် နိုင်ဖို့ က ပိုပြီး ပဓာန ကျတယ် လို့ ကယားပြည်နယ် အခြေစိုက် လူမျိုးပေါင်း စုံ ဒီ မိုကရေစီ ပါတီ က ဒုဥက္တဌ ဦးဆော်လမွန် က ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကယားပြည်နယ် ၃ ရက် ခရီးစဉ် မှာ ပြည်နယ်တွင်း မှာ ရှိတဲ့ ၇ မြို့နယ် စလုံးကို သွားရောက် ဖို့ ရှိပြီး သောကြာနေ့ မှာ ဖားဆောင်း မြို့နယ် မှာ လူထု ဟောပြောပွဲ လုပ်ဖို့ စီစဉ် ထားပါတယ်။

ကယားပြည်နယ် မှာ လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တွေ ဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း တို့လည်း တသီးပုဂ္ဂလ အမတ် တွေ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ