တသီးပုဂ္ဂလ ဝင်ပြိုင်တဲ့ ပါတီ၀င်တွေကို အရေးယူမယ်လို့ NLD ပြော

  • 11 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption တသီးပုဂ္ဂလ ဝင်ပြိုင်ဖို့ လုပ်တဲ့ NLD ပါတီဝင် ၁၀ယောက် ဝန်းကျင် ရှိတယ်လို့ ဆို

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ နှုတ်ထွက်ခြင်း မရှိပဲ လာမယ့် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရင် ပါတီတွင်း စည်းကမ်းနဲ့ အရေးယူမယ်လို့ NLD ပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တချို့ ပါတီဝင်တွေက NLD ကိုယ်စားလှယ်လောင်း ရှိရာ မဲဆန္ဒနယ်မှာ တသီး ပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်တာတွေ ရှိနေတဲ့အတွက် NLD ပါတီရဲ့ ကိုယ်စားလှယ်ကို မဲကွဲအောင် အတိုက်အခံ လုပ်တဲ့ သဘော ဖြစ်နေတာကြောင့် ပါတီ စည်းမျဉ်း စည်းကမ်းအရ ငြိစွန်းနေတာမို့ အခုလို ကြေညာချက် ထုတ်ရတာ ဖြစ်တယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

NLD ပါတီ ( ဗဟို ) ကိုယ်စားလှယ်လောင်း စာရင်းမှာ မြို့နယ် တချို့က တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေ အပယ်ခံရအပြီးမှာ အဲဒီ ကိုယ်စားလှယ်လောင်းတချို့က တသီးပုဂ္ဂလ အနေနဲ့ ပြန်တိုက်တာ ဖြစ်တဲ့အတွက် သူတို့ကို ရည်ညွှန်း ထုတ်ပြန်တာလို့ ပြောပါတယ်။

အဲဒီလို တသီးပုဂ္ဂလ ပြိုင်ချင်ရင် NLD ပါတီ ကနေ နှုတ်ထွက်ရမှာ ဖြစ်ပြီး နှုတ်ထွက်ကြောင်း တရားဝင် စာတင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

တသီးပုဂ္ဂလ ပြိုင်ဖို့ လုပ်တဲ့ ပါတီဝင် ၁၀ယောက် ပတ်ဝန်းကျင်လောက် ရှိနိုင်ပြီး အတိအကျ သိရအောင် မြို့နယ်တွေကို စာရင်းတောင်းထားတယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အစိုးရက မတရားသင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက် ဆက်စပ်တာမျိုး မလုပ်ကြဖို့ကိုလည်း ပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။