ငြိမ်းချမ်းရေး အတွက် သတင်းစာရှင်းလင်း

  • 11 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဆွေးနွေးမှုတွေ မပြီးပြတ်သေးခင်မှာဘဲ ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ဘာတွေ ဆက်လုပ်မယ် ဆိုတာနဲ့ ပတ်သက်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အပစ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးဖို့ ကို အစိုးရက တိုင်းရင်းသားလက်နက်ကိုင် (၁၅)ဖွဲ့နဲ့ စတင်လိုပေမယ့် အဖွဲ့အားလုံးပါဖို့ဆိုတာကိုတော့ အခုထိ တိတိကျကျ မဆုံးဖြတ်နိုင်ကြသေးပါဘူး။ သမ္မတနဲ့ တွေ့ခဲ့တဲ့ တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ကတော့ အစိုးရဘက်က ဆန္ဒပြုတဲ့ (၁၅)ဖွဲ့နဲ့ လက်မှတ်ထိုးမထိုးဆိုတာကို ပြန်လည်ညှိနှိုင်းမယ်လို့ ပြောပါတယ်။

မြန်မာ ငြိမ်းချမ်းရေး စတင်တာရဲ့ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြန်ညှိတယ် ဆိုတာ သူ နားလည်သလောက် သမ္မတနှင့် တိုင်းရင်းသား အဖွဲ့တို့ ဆွေးနွေးခဲ့တာကို ပြန်ရှင်းပြဖို့ပဲ ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက် ချတာကတော့ တစ်ဖွဲ့ခြင်းရဲ့ သဘောထား ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ ကလည်း လက်မှတ် ထိုး ပေးလို့ မရကြောင်း၊ ကိုယ့် အဖွဲ့ကို ကိုယ်စားပြုပြီး ကိုယ်တိုင် ထိုးရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

NCA စာချုပ်မှာ ဘယ်နှဖွဲ့လက်မှတ်ထိုးမလဲဆိုတာနဲ့ ပတ်သက်လို့ ဒီလ လယ်လောက်မှာ ဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား (၁၅)ဖွဲ့က ကိုယ်စားလှယ်တွေကို တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ သမ္မတကတော့ စက်တင်ဘာလ (၂၉) ရက်နေ့မှာ လက်မှတ်ထိုးဖို့ အဆိုပြုထားပြီး တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းရမှာတော့ အောက်တိုဘာလ ပထမပတ်လောက်မှာ လက်မှတ်ထိုးနိုင်ဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ ကတော့ NCA လက်မှတ်ထိုးပြီးတဲ့အခါမှာ လုပ်ရမယ့် နိုင်ငံရေးမူဘောင်ရေးဆွဲတာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကို လုပ်ဆောင်နေပါတယ်။ ဒါတွေကို ဖော်ဆောင်ရာမှာ တပ် နေရာချထားရေး ကို ညှိရမှာ ဖြစ်ကြောင်း၊ ဒီအပိုင်းမှာ နှစ်ဘက် တပ်တွေ အောက်ခြေအထိ နားလည်အောင် ရှင်းပြရမှာ ဖြစ်တဲ့ အတွက် အခက်အခဲ ရှိနိုင်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ဥပဒေ စကားလုံးများ ပါဝင်တဲ့ အတွက်ကြောင့် အောက်ခြေအဆင့်ထိ နားလည်အောင် ရှင်းပြဖို့ လည်း လိုမယ်၊ ပြီးတော့ ဖွဲ့စည်းပုံ တွေ ဖော်ဆောင် တာကိုတော့ ၆ လ လောက်နှင့် အပြီးသတ် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ဒါပေမယ့် ဒီလုပ်ငန်း တွေ အသက်ဝင်လာအောင် ၆ လမှ ၁ နှစ်အထိ အချိန်ယူ ရမယ်လို့ မြန်မာငြိမ်းချမ်းရေး စတင်တာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုးပြီးတာနဲ့ (၂၄)နာရီအတွင်း (၂)ဘက်တပ်တွေကို ညွှန်ကြားဖို့၊ ရက်(၆၀)အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေရေးပြီး၊ ရက် (၉၀)အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက က ပြောပါတယ်။

သူတို့အနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို အခုအစိုးရသက်တမ်းမကုန်ခင်မှာ စတင်နိုင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တကယ်တမ်း အရေးကြီးတဲ့ NCA လက်မှတ်ထိုးရာမှာ တိုင်းရင်းသားတွေလိုလားနေတဲ့ လက်နက်ကိုင် အဖွဲ့အားလုံး ပါဖို့ဆိုတာကတော့ ခုထိ မသေချာသေးပါဘူး။