ကော်တောင်ကျွန်းလူသတ်မှု DNA ကွဲလွဲချက် ထွက်ပေါ်လာ

  • 11 စက်တင်ဘာ 2015
thai_myanmar_murder_british_ ဓာတ်ပုံ မူပိုင် AP
Image caption ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်း တို့ ၂ ဦးရဲ့ အမှုကို ကော်စမွီ တရားရုံး မှာ စက်တင်ဘာ ၁၁ ရက် နေ့မှာ ဆက်လက် ကြားနာ စစ်ဆေး။

ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင် ကျွန်းပေါ် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ် ခံရမှု မှာ လူသတ် ပစ္စည်း အဖြစ် အသုံး ပြုခဲ့တယ် လို့ ယူဆ ထားတဲ့ ပေါက်တူး ရိုးပေါ် က တွေ့ထားတဲ့ ဒီအဲန်အေတွေ ဟာ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦး ရဲ့ ဒီအဲန်အေ တွေ နဲ့ ကိုက်ညီ မှု မရှိ ဘူး ဆိုပြီး တရားရေးဌာန ရဲ့ မှုခင်းဆရာဝန် က တရားရုံး မှာ သက်သေ ထွက်ဆို ခဲ့ပါတယ်။

ဒါ့အပြင် ဒီလို လူသတ်မှု မျိုးမှာ စည်းစနစ်တကျ သက်သေ အထောက်အထား တွေ ကို အသေးစိတ် ရယူ မှတ်တမ်းတင် ထားသင့်ပေမယ့် အဲဒီလို ဆောင်ရွက် ဖို့ ပျက်ကွက် ခဲ့တယ် ဆိုပြီး တရားရေး ဝန်ကြီးဌာန က မှုခင်းသက်သေ စစ်ဆေးရေးဌာန အုပ်ချုပ်ရေးမှူး ဒေါက်တာ ဖေါန်းထေ့ပ် ရို့ချနာ့စူနန်း က သက်သေ ထွက်ဆို ခဲ့တာပါ။

မြန်မာ နိုင်ငံသား တွေ ဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်း ခေါ် ကိုဝေဖြိုး တို့ ၂ ဦးရဲ့ အမှုကို ကော်စမွီ တရားရုံး မှာ စက်တင်ဘာ ၁၁ ရက် နေ့မှာ ဆက်လက် ကြားနာ စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

ပေါက်တူး အသုံးပြုတဲ့ နေရာနဲ့ ထိခိုက်မှု ရှိတဲ့နေရာ တွေကို အသေးစိတ် လေ့လာခဲ့ရင် ကျူးလွန်သူ ရဲ့ အရပ်အမောင်း က အစ သိပ္ပံနည်း ကျကျ သိနိုင်တယ် လို့လည်း ဒေါက်တာ ဖေါန်းထေ့ပ် က တရားရုံးမှာ ထောက်ပြ သွားပါတယ်။

မြန်မာ နိုင်ငံသား တွေ ဘက်က ခုခံ ပေးနေ တဲ့ ရှေ့နေ ရဲ့ တင်ပြ ချက် တွေ ထဲ မှာ ဗြိတိန် နိုင်ငံ က စေလွှတ် လိုက် တဲ့ တာဝန် ရှိသူ တွေ ရယူ ထားတဲ့ လူသေအလောင်း တွေ ရဲ့ ဓါတ်ပုံတွေ လည်း ပါဝင် ပါတယ်။

အဲဒီလို ဗြိတိန် အရာရှိ တွေ ရယူ ထားတဲ့ စစ်ဆေးချက် ဓာတ်ပုံ သက်သေ တွေ ဟာ တရားလို ထိုင်းရဲ ဘက်က တင်ပြ ထားတာ တွေ နဲ့ ကွာခြားမှု ရှိ နေတာ ကို တရားခံ ရှေ့နေ တွေ က ထောက်ပြ ခဲ့တယ် လို့ တရားရုံး မှာ ရှိနေခဲ့တဲ့ ရွေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဌ ဦးစိန်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

ဒီ တစ်ခေါက် ကြားနာမှု အပြီး မှာတော့ နောက် တစ်ကြိမ် အမှုချိန်း ကိုတော့ အခုလ စက်တင်ဘာ ၂၂ ရက်နေ့ ကနေ ၂၅ ရက်နေ့ အထိ ထပ်မံ ချိန်းဆို ထားပါတယ်။

အခုဆိုရင် ကော်တောင် ကျွန်းပေါ်မှာ ဗြိတိန် နိုင်ငံသား ၂ ဦး ဖြစ်တဲ့ Hannah Witheridge and David Miller တို့ အသတ် ခံခဲ့ရတာ တစ်နှစ် ပြည့်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ