အပစ်ရပ်ရေးစာချုပ်မှာ ဝနဲ့ မိုင်းလားတို့ ပါဖို့ အစိုးရပြော

  • 12 စက်တင်ဘာ 2015
Image caption အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတာမို့ အပစ်ရပ် စာချုပ် လက်မှတ် ထိုးစရာ မလိုဘူးလို့ UWSA ပြော

အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ UWSA ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့၊ NDAA မိုင်းလား အဖွဲ့တို့နဲ့ ဦးအောင်မင်းအပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ ဦးဆောင်တဲ့ UPWC ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ဒီကနေ့ စက်တင်ဘာလ ၁၂ရက်နေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်နဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ အခြေအနေတွေကို ဝနဲ့ မိုင်းလားအဖွဲ့တို့ကို ပြန်လည် ရှင်းပြဖို့ အခုလို တွေ့ဆုံတာလို့ ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ်ကို လာမယ့် လမှာ လက်မှတ်ရေးထိုးဖို့ အစိုးရက ကြိုးပမ်းနေပြီး UWSA ကတော့ ငြိမ်းချမ်းရေး ယူထားပြီးသားမို့ ဒီအပစ်ရပ် သဘောတူ စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးမှာ မဟုတ်ပဲ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျမှသာ ပါဝင်မယ်လို့ UWSA က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဝနဲ့ မိုင်းလား အဖွဲ့တို့ဟာ ငြိမ်းချမ်းရေး စာချုပ် ချုပ်ခဲ့ပြီး ကတည်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာကြောင့် အစိုးရက စံပြ သဘောနဲ့ အပစ်ရပ်ရေး စာချုပ်မှာ ဝနဲ့ မိုင်းလား အဖွဲ့တိုကို ပါဝင်စေချင်နေတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

အပစ်ရပ်ရေး စာချုပ်မှာ ဝနဲ့ မိုင်းလား ပါဝင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် မချနိုင်ခဲ့ရင် ဝနဲ့ မိုင်းလား အဖွဲ့တို့နဲ့ ရင်းနှီး ပြီးသား ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒရှိနေကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက ပြောတယ်လို့လည်း ဆိုပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်ရေးနဲ့ ပတ်သက်လို့ ကိုးကန့်ကိစ္စကို သမ္မတ ကိုယ်တိုင် ဖြစ်မြောက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပလောင်အဖွဲ့နဲ့လည်း လမ်းဖွင့်ထားပြီး ဖြစ်သလို KNO နဲ့ လားဟူအဖွဲ့တွေကတော့ အဖွဲ့သေးပြီး လက်နက်ကိုင် ထားခြင်း မရှိတဲ့အတွက် အပစ်ရပ်ရေးမှာ ဝင်စာချုပ်ဖို့ မဖိတ်တော့ပဲ လက်မှတ်ထိုးပြီးလို့ နိုင်ငံရေး ဆွေးနွေးတဲ့ အခါကျမှ ဖိတ်မယ် ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ်တွေက ဆွေးနွေးပွဲမှာ ပြောသွားတယ်လို့ ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။