ပြောင်းရွှေ့​ဝင်​ရောက်​သူ​တွေ​ကို ကြိုဆို​တဲ့ ချီ​တက်​မှု​တွေ ပြုလုပ်

  • 13 စက်တင်ဘာ 2015
eu_migrants ဓာတ်ပုံ မူပိုင် Getty
Image caption လူဝင်မှု ပြဿနာ နဲ့ ပတ်သက်ပြီး ဟန်ဂေရီ နိုင်ငံ ကိုင်တွယ်ပုံ ကို ဩစတြီးယား ဝန်ကြီးချုပ် ဗယ်နာ ဖိုင်မင် Werner Faymann က ဝေဖန် ခဲ့တဲ့ အပေါ် ဟန်ဂေရီ ဘက်ကလည်း ဒေါသတကြီး တုန့်ပြန်။

ဥရောပတိုက်ထဲ ကို ခိုလှုံဖို့ ဝင်ရောက် လာနေကြတဲ့ ပြောင်းရွှေ့သူ တွေ နဲ့အတူ တသွေးတသား တည်း ရှိတယ် ဆိုတာ ကို ပြသ ကြတဲ့ လမ်းလျှောက် ချီတက်ပွဲ တွေ အနောက် ဥရောပ မြို့တော်ကြီး တွေ မှာ ပြုလုပ် ခဲ့ကြတာမှာ လူတွေ သောင်း ပေါင်း များစွာ ပူးပေါင်း ပါဝင် ခဲ့ကြ ပါတယ်။

လူအများဆုံး ပါဝင် ခဲ့ကြတဲ့ ချီတက်ပွဲ တွေ ကို ဒိန်းမတ် နိုင်ငံ မြို့တော် ကိုပင်ဟေဂင် နဲ့ ဗြိတိန် နိုင်ငံ မြို့တော် လန်ဒန် တို့ မှာ တွေ့ခဲ့ ကြရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ရွှေ့ပြောင်းသူ တွေ နဲ့ ပတ်သက်ပြီး ဗြိတိသျှ အစိုးရ ရဲ့ တုန့်ပြန် ဆောင်ရွက် နေမှုတွေ ဟာ စိတ်ပျက်ဖို့ ကောင်းတယ် ဆိုပြီး လန်ဒန် ဆန္ဒပြ သူတွေ က ဒေါသတကြီး ပြောဆို ခဲ့ကြ ပါတယ်။

တချိန်တည်းမှာပဲ ပိုလန် နိုင်ငံ ဝါဆော မြို့တော် အပါအဝင် အရှေ့ဥရောပ မြို့ကြီးတွေ မှာတော့ ပြောင်းရွှေ့ ဝင်ရောက်သူတွေ ကို ဆန့်ကျင် တဲ့ ဆန္ဒပြပွဲ တွေ ဖြစ်ပေါ် လာပါတယ်။

ဝါဆော မြို့ ဆန္ဒပြပွဲ မှာ လူ အများဆုံး ပါဝင် ခဲ့ပြီး ပိုလန် လူမျိုးတွေ ဟာ ရွှေ့ပြောင်း လာသူတွေ ကို ဆန့်ကျင် ကြောင်း ပိုစတာ တွေ အပြင် မွတ်ဆလင်မ် ဆန့်ကျင်ရေး စာသား တွေ ကို ပါ ကိုင်ဆောင် ခဲ့ ကြ ပါတယ်။

ဥရောပ သမဂ္ဂဝင် နိုင်ငံတွေ အားလုံးမှာ ရွှေ့ပြောင်းသူတွေ ကို အချိုးကျ လက်ခံ ဖို့ ဥရောပ ကော်မရှင် က အစီအစဉ် တွေ ချမှတ် လာမယ့် အပေါ် အရှေ့ဥရောပ နိုင်ငံ တချို့ က ကန့်ကွက် နေကြတာ ဖြစ်ပါတယ်။

တခါ၊ လူဝင်မှု ပြဿနာ နဲ့ ပတ်သက်ပြီး ဟန်ဂေရီ နိုင်ငံ ကိုင်တွယ်ပုံ ကို ဩစတြီးယား ဝန်ကြီးချုပ် ဗယ်နာ ဖိုင်မင် Werner Faymann က ဝေဖန် ခဲ့တဲ့ အပေါ် ဟန်ဂေရီ ဘက်ကလည်း ဒေါသတကြီး တုန့်ပြန် လာပြီး အခုဆို ဩစတြီးယား သံအမတ် ကို ဆင့်ခေါ်ထားပါတယ်။

ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး ပေတာ ဆီယာတို က ဩစတြီးယား ဝန်ကြီးချုပ် ကို ၂၁ ရာစုနဲ့ မထိုက်တန် တဲ့ ခေါင်းဆောင် ဆိုပြီး ပြောဆို လိုက်ပါတယ်။

ရွှေ့ပြောင်းသူတွေ ကို ရထားတွေ ပေါ် တင်ပြီး သူတို့ မျှော်လင့်မထားတဲ့ နေရာတွေ ကို ခေါ် ဆောင် သွားတဲ့ ဟန်ဂေရီ နိုင်ငံရဲ့ အပြု အမူဟာ ဥရောပ တိုက် ရဲ့ အမှောင်ဆုံး ကာလ တွေ ကို ပြန်ပြောင်း အမှတ်ရစေတယ် ဆိုပြီး နာဇီတွေ ရဲ့ ဂျူးတွေ အပေါ် ပြုမူခဲ့ပုံ ကို ရည်ညွှန်းပြီး ဩစတြီးယား ဝန်ကြီးချုပ် ဖိုင်မင် က အစောပိုင်း တုန်းက ပြောခဲ့တဲ့ အပေါ် အခုလို ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး က တုန့်ပြန် ပြောဆို လာတာပါ။

ရွှေ့ပြောင်းသူတွေ ကို ထားရှိထားတဲ့ ဟန်ဂရီ နယ်စပ်က စခန်းမှာ တော့ အစားအသောက်၊ အဝတ်အထည် နဲ့ ခြုံစောင် တွေ ရောက် လာပြီ ဖြစ်ပါတယ်။

ဒါပေမယ့် စခန်းအတွင်း အညစ်အကြေး စွန့် စံနစ် မကောင်းမွန် လို့ တကိုယ်ရည် သန့်ရှင်းရေး မပြည့်မမှီ ဖြစ်နေရပြီး ဆေးဝါး အထောက်အပံ့ တွေလည်း မရှိတာ တွေ ကြောင့် ရောဂါဘယ တွေ ဖြစ်ပွား လာနိုင်တယ် လို့ အဲဒီ့ စခန်းမှာ ရှိတဲ့ ကျန်းမာရေး ဝန်ထမ်း တွေ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ