တသီးပုဂ္ဂလကိုယ်စားလှယ်တွေကိုမဲထည့်သင့်လား

  • 13 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ပါတီတွေသာ အစိုးရ ဖွဲ့နိုင်မယ်လို့ ဒေါ်စုပြော

တသီး ပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင် သူတွေ ဟာ အစိုးရဖွဲ့လို့ မရတဲ့ အတွက် တသီးပုဂ္ဂလ တွေကို မဲပေးမယ့် အစား အစိုးရ ဖွဲ့မယ့် ပါတီ တွေကို ဘဲ မဲပေး စေချင် တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ကယားပြည်နယ် ရှားတောမြို့ မှာ မဲဆွယ် ပြောကြား ခဲ့ပါတယ်။

ကယားပြည်နယ်မှာ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့လည်း အမျိုးသားလွှတ်တော် နေရာတွေအတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အန်အယ်ဒီ ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ဖို့ စီစဉ် ခဲ့ပေမယ့် ပါတီ ကိုယ်စားလှယ် အရွေးမခံရ တဲ့နောက်ပိုင်း တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ပြည်သူ့လွှတ်တော် အတွက် ဗဟန်း မြို့နယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာ ညိုညိုသင်း ကတော့ တသီးပုဂ္ဂလတွေဟာ လည်း ပါတီတွေထက် သာအောင် တိုင်းပြည်ကို အကျိုးပြု နိုင်တယ်လို့ ပြောပါတယ်။

Image caption အရည်အချင်း ရှိတဲ့ တသီးပုဂ္ဂလတွေ ရှိတယ်လို့ ဒေါက်တာ ညိုညိုသင်းက ဆို

ပြီးခဲ့တဲ့ လွှတ်တော် ငါးနှစ် သက်တမ်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် ထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် တိုင်းပြည် အတွက် အများကြီး ဆောင်ရွက် နိုင်ခဲ့တယ် လို့ သူက ဆိုပါတယ်။

သူသာ ပြည်သူ့လွှတ်တော် ထဲကို ရောက်လာရင် အမတ် ၁၀ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုကို ယူပြီး ဥပဒေများစွာကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးဖို့ နဲ့ သဘောထား မှတ်ချက် ပေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို တင်ပြ တာတွေ အဓိက ထား ဆောင်ရွက် မယ်လို့ ဒေါ်ညိုညိုသင်း ကဘီဘီစီကို ပြောပါတယ်။

လွှတ်တော်ထဲကို သွားတာဟာ အစိုးရ ဖွဲ့ဖို့ သက်သက်သွားတာ မဟုတ်ဘဲ ပြည်သူလူထု အကျိုးရှိမယ့် မေးခွန်းတွေ အဆိုတွေကို တင်သွင်းရင် ဒီမိုကရေစီ အင်အားစုတွေက ထောက်ခံ မှာဘဲ ဖြစ်တယ်လို့ သူကဆို ပါတယ်။

နိုင်ငံအတွက် လုပ်နေတဲ့ ရည်မှန်းချက်ချင်း အတူတူ သူက ပိုချစ်တယ်၊ ကိုယ်က ပိုချစ်တယ် ဆိုတာမျိုးမပြောချင်ဘဲ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း နိုင်ငံအတွက် အလုပ်လုပ်တာ မှန်ရင် နိုင်ငံအတွက် အကျိုးရှိမှာဘဲ ဖြစ်တယ်လို့ ဒေါ်ညိုညိုသင်းကပြောပါတယ်။