NCA အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း ပါတီတွေကို ရှင်းပြမယ်

  • 13 စက်တင်ဘာ 2015
_nca_draft_agreed_march
Image caption လူမျိုးစု တပ် အားလုံး ပါဝင်ရေး မူ နဲ့ ပတ်သက်ပြီး တော့လည်း တိကျ တဲ့ အဖြေ တစ်ခု အခုထက်ထိ ထွက် ပေါ် မလာ သေး။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA လက်မှတ်ရေး ထိုးပြီး နောက်ပိုင်း ဆက်လက် ဆောင်ရွက် ကြရမယ့် လုပ်ငန်းစဉ် တွေ ကို စက်တင်ဘာ ၁၄ တနင်္လာနေ့ မှာ နိုင်ငံရေး ပါတီ တွေ ကို အစိုးရ က ရှင်းပြဖို့ ရှိနေပါ တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ မီဒီယာတွေ ကို ခေါ်ယူပြီး NCA နောက်ပိုင်း လုပ်ငန်းစဉ်တွေ ကို ရှင်းပြ ခဲ့ပြီးနောက် အခု ဆက်တိုက် ဆို သလို နိုင်ငံရေး ပါတီ တွေ ကို လည်း ဖိတ်ခေါ် လာတာ ဖြစ်ပါတယ်။

နောက်ပိုင်း နိုင်ငံတကာ သံတမန် တွေ အပါအဝင် INGO အဖွဲ့အစည်းတွေ နဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်း CSO တွေကို ပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ရဲ့ ဒုဥက္ကဌ အဖြစ် တာဝန် ယူထားတဲ့ ဝန်ကြီး ဦးအောင်မင်း က ဖိတ်ခေါ် ရှင်းပြ မှာ ဖြစ်တယ်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC က ပြောပါတယ်။

NCA ကို လာမယ့် အောက်တိုဘာ ပထမပတ် မှာ ထိုးတော့မယ် ဆိုပြီး အစိုးရဘက် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ က ပြောနေပေမယ့် ကချင် တပ် KIO အနေနဲ့ အဆင့်သင့် မဖြစ်သေးဘူး ဆိုပြီး ပြောဆိုလာ ခဲ့သလို လူမျိုးစု တပ် အားလုံး ပါဝင်ရေး မူ နဲ့ ပတ်သက်ပြီး တော့လည်း တိကျ တဲ့ အဖြေ တစ်ခု အခုထက်ထိ ထွက် ပေါ် မလာ သေးပါဘူး။

ဒါပေမယ့် NCA စာချူပ် ပါ စာသား တွေ အပေါ် မှာတော့ အပြီးသတ် သဘောတူ ခဲ့ပြီ ဖြစ်တဲ့ အတွက် လက်မှတ် တကယ် ထိုးဖြစ် ပြီ ဆိုရင် NCA ပါ အချက်အလက် တွေ အတိုင်း ဘယ်အရာ တွေ ကို ဘယ်ကာလ အတိုင်းတာ ထဲ မှာ ဆောင်ရွက် ကြရမယ် ဆိုတာ တွေ ကို ရှင်းပြ နေတာ ဖြစ်တယ် ဆိုပြီး MPC က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ဘီဘီစီ ကို ပြောပါတယ်။

NCA စာချုပ်ပါ အချက် တွေ အရ လက်မှတ် ထိုးပြီး ၂၄ နာရီ အတွင်း ၂ ဘက်တပ် တွေ လိုက်နာ ဆောင်ရွက် ရမှာ တွေ ရှိသလို၊ ၁၄ ရက် အတွင်း JICM လို့ ခေါ်တဲ့ နှစ်ဘက်တပ် ပူးတွဲ အစည်းအဝေးတွေ ကျင်းပ ရမှာ ဖြစ်ပြီး၊ ရက် ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေး ပွဲ အတွက် မူဘောင် တွေ ချမှတ်ကာ ရက် ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ တွေ စတင် ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ