ကေ​အိုင်​အေ​နဲ့​အစိုးရ​တပ်​ကြား တိုက်​ပွဲ​ငယ်​တွေ ဖြစ်နေ

  • 14 စက်တင်ဘာ 2015
_kia_soldiers ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုင်အေ တပ်မဟာ ၄ ကို ကိုးကန့် တပ်တွေ နဲ့ ဆက်စပ်ပြီး လက်နက် ချ ရမယ် ဆိုပြီး အစိုးရ စစ်တပ် အကြီးအကဲ က ပြောဆို ထား။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ထဲက မုံးကိုး မြို့နယ် ထဲ မှာ ကချင် လက်နက်ကိုင် KIA တွေ နဲ့ အစိုးရ တပ်ကြား ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်ပေါ် လာတာ မှာ စက်တင်ဘာ ၁၄ ရက် တနင်္လာနေ့ အထိ ဆိုရင် တိုက်ပွဲ ငယ် ၅ ကြိမ် ထက် မနည်း ရှိနေပြီ လို့ အဲဒီ့ နယ်မြေ က လာတဲ့ သတင်းတွေ က ဆိုပါတယ်။

ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ ထိန်းချုပ် မြေ ဖြစ်တဲ့ မုံးကိုး ဒေသ ကို အစိုးရ စစ်ကြောင်း ဝင်လာ တာ ကနေ ပြီးခဲ့တဲ့ သောကြာ နေ့ က စလို့ တိုက်ပွဲ တွေ ပေါ်ပေါက် လာတာ ဖြစ်တယ် ဆိုပြီး KIA စစ်ဖက် သတင်းရပ်ကွက် က ပြောပါတယ်။

အထိခိုက် အကျဆုံး စာရင်း ကို အတိတကျ မသိရ သေး ပေမယ့် တိုက်ပွဲ မပြင်း ထန် ဘူး လို့ နယ်မြေ ခံ တွေ က ဆိုပါတယ်။

စက်တင်ဘာ ၁၁ ရက် သောကြာနေ့ က စလို့ မုံးကိုး မြို့နယ် ဖောင့်ထူးချိုင် ရွာ အနီး ထိတွေ့မှု ၂ ကြိမ် ဖြစ်ခဲ့ ပြီး နောက်တစ်ရက် မှာ လည်း ပစ်ခတ်မှု တွေ ရှိခဲ့တယ် လို့ ဆိုပါတယ်။

၁၃ ရက် နေ့ မှာတော့ မုံးကိုး မန်ဖာ နားမှာ တိုက်ပွဲ ဖြစ်ပြီး ၊ ၁၄ ရက် နေ့ မှာ လည်း ပစ်ခတ် မှု စတင်ခဲ့ရာ ဖောင့်ထူးချိုင် ရွာ အနီးမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပေါ် ခဲ့တာ ပါ။

အခုလို တပ်မဟာ ၄ လက်အောက်ခံ နယ်မြေ မှာ တိုက်ပွဲ တွေ ဖြစ် ပေါ် လာ သလိုပဲ တပ်မဟာ ၃ နယ် ထဲ မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ် ကပဲ အစိုးရ တပ် တွေ ဝင်လာတဲ့ အတွက် ပစ်ခတ် မှု တွေ ဖြစ်ခဲ့တယ် လို့ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ တပ်ရင်းမှုး ဗိုလ်မှုး ဂျော်အောင် က ဘီဘီစီ ကို ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၄ ကို ကိုးကန့် တပ်တွေ နဲ့ ဆက်စပ်ပြီး လက်နက် ချ ရမယ် ဆိုပြီး အစိုးရ စစ်တပ် အကြီးအကဲ က လတ်တလော မှာ ပဲ ပြောဆို ထားတာ ရှိတဲ့ အတွက် တပ်မဟာ ၄ နယ်ထဲ ကို အစိုးရ စစ်ကြောင်း ဝင်လာတာ နဲ့ တပြိုင် နက် အခု လို ထိတွေ့မှု တွေ ပိုပြီး ဖြစ်လာရတယ် လို့ စစ်ရေး အကဲခတ် တွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ