အပြာရောင် ဖဲကြိုး လှုပ်ရှားမှု စတင်

  • 16 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် bbcburmese

အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီ နေ့မှာ သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ ဆိုတာဟာ နိုင်ငံသား အားလုံး တန်းတူ ညီမျှခွင့် ရရှိဖို့ ဖြစ်တယ်လို့ ပြည်သူတွေကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံသား အားလုံးကို ဒီမိုကရေစီ အခွင့် အရေးတွေ ပေးထားပြီး ဖြစ်တယ်လို့ လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

လက်တွေ့ မှာတော့ လွှတ်တော်က အစ အရပ်ဖက် ဌာန ဆိုင်ရာ အသီးသီးမှာပါ စစ်တပ်ဖက်က လူတွေ ဝင်ရောက် နေရာယူ ထားကြလို့ အခွင့် အရေး ပိုယူထားကြတယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။

စစ်တပ်အရာရှိတွေကို အရပ်ဖက်နေရာတွေမှာ ရာထူးကြီးတွေ ခန့်အပ်တာကို ကန့်ကွက်မှုတွေ ရှိနေရာမှာ အခုတော့ အပြာရောင် ဖဲကြိုးလှုပ်ရှားမှု တစ်ခုပေါ်ပေါက်လာပါတယ်။

မန္တလေး တိုင်း ဒေသကြီးမှာ ရှိတဲ့ မြို့နယ် ခရိုင် တွေက လျှပ်စစ် ဓါတ်အားပေး ကော်ပိုရေးရှင်းမှာ စစ်တပ် အရာရှိ အငြိမ်းစား ဝန်ထမ်းတွေကို ညွှန်ကြားရေးမှူး အဆင့် ရာထူးတွေ ခန့်အပ် နေတာကို ဖဲကြိုးပြာ လှုပ်ရှားမှုနဲ့ ကန့်ကွက် နေကြတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို မန္တလေး တိုင်း လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေး ဌာန အောက်မှာ ရှိတဲ့ မြို့နယ်၊ ခရိုင် လျှပ်စစ် ကော်ပိုရေးရှင်းတွေက အင်ဂျင်နီယာ ဝန်ထမ်းတွေ ဦးဆောင် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တုန်းကတော့ သူတို့ တွေဟာ မန္တလေး ကျောက်တော်ကြီး ဘုရား မှာ စုပြီး ဖဲကြိုးပြာ လှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။

လှုပ်ရှားမှုမှာ ပါဝင်တဲ့ လျှပ်စစ် ဌာနက ဝန်ထမ်း တစ်ဦး ဖြစ်သူ ကိုသီဟဆွေက အရင်တုန်း ကတော့ တပ် ကနေ နေရာ အသီးသီး ယူခဲ့တာက ရုံးချုပ်ပိုင်း နဲ့ တိုင်း အဆင့်တွေ လောက်ပဲ ဖြစ်ပြီး၊ အခုတော့ မန္တလေး တိုင်း ဒေသကြီး လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်း တွေထဲက မြို့နယ် အဆင့်ထိ ဝင်ရောက် လာပြီး အောက်ခြေ အဆင့်အထိ ဝင်ရောက် လာခြင်း ဖြစ်လို့ အခုလို လှုပ်ရှားမှု စတင် ရခြင်း ဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

လျှပ်စစ်ဓါတ်အားပေး ဌာနရဲ့ စီမံခန့်ခွဲမှုတွေကို ဌာန စတင်ကတည်းက အင်ဂျင်နီယာ များနဲ့သာ စတင်ခဲ့တဲ့ အတွက် အင်ဂျင်နီယာ များက သာ ဆက်လက် စီမံခန့်ခွဲ စေချင်လို့ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ သီးခြား တားမြစ်ချက်များ မရှိပေမဲ့ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ဒီလှုပ်ရှားမှုတွေ ကို မပေါင်းစည်းစေချင်တဲ့ အတွက် တာဝန်ကျရာ နေရာမှာ နေဖို့ အတွက် အခက်အခဲ ရှိတယ် လို့လည်း ပြောပါတယ်။

လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ဌာနမှ ရှိတဲ့ အင်ဂျင်နီယာ အားလုံး အတွက် ရည်ရွယ်ပြီး လုပ်တဲ့ အတွက်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။ နောက်ဆုံး အောင်မြင်တဲ့ အထိ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆန့်ကျင်ကြောင်း ဖော်ပြသွားမယ်လို့ ဆိုပါတယ်။