ဘာသာရေး အသုံးချမှာကို နိုင်ငံ၉နိုင်ငံ စိုးရိမ်

  • 16 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မဲဆွယ်ကာလအတွင်း ဘာသာရေးကို အသုံးချပြီးပဋိပက္ခတွေ ဖြစ်လာမှာကို နိုင်ငံခြား တိုင်းပြည်တွေက စိုးရိမ်နေကြ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလကျရင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို အသုံးချပြီး သွေးခွဲမှုတွေ၊ ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်မိကြောင်း သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေက ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သွေးကွဲမှုနဲ့ အရပ်ဘက် ပဋိပက္ခ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တဲ့အတွက် ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ သည်းခံစိတ်၊ အပြန်အလှန် လေးစားမှု၊ မျှတတဲ့ တရားဥပဒေ ဖြစ်ရေးတွေအတွက် အသိအမြင် ကျယ်ပြန့်လာအောင် နှိုးဆော်ပေးကြဖို့ကိုလည်း အစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက်နဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲ ကာလအတွင်း မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို ပံ့ပိုးကူညီဖို့ နိုင်ငံတကာက သံဓိဌာန် ချထားဆဲ ဖြစ်ပြီး ၂၀၁၆မှာ အစိုးရသစ် ထူထောင်မှုကိုလည်း အနီးကပ် စောင့်ကြည့် လေ့လာသွားမယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။