NLD နဲ့ စစ်တပ် လက်တွဲဖို့ ဖြစ်နိုင်မလား

  • 15 စက်တင်ဘာ 2015
NLD Chairperson ဓာတ်ပုံ မူပိုင် EPA
Image caption အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ နာယက ဦးတင်ဦး

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာ တမ်း အပြည့်အစုံ ပေါ်ထွက်လာရာမှာ ထဲမှာ မြန်မာ နိုင်ငံပြုပြင် ပြောင်းလဲရေးအတွက် လုပ်ဆောင်မှာ တွေကို ဖော်ပြထား ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား အရေး၊ ပြည်သူ တစ်ရပ်လုံး လုံခြုံ အေးချမ်းမှုကို အာမခံနိုင်တဲ့ ဖွဲ့စည်းပုံဥပဒေ ပေါက်ထွန်းလာရေးနဲ့ ပြည်သူ လူထုကို တရားမျှမျှတတ ကာကွယ်ပေးမယ့် အုပ်ချုပ်ရေး စနစ် ပေါက်ပေါက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ အချက်တွေကိုလည်း အဓိကထား ရေးသားထားပါတယ်။

အန်အယ်လ်ဒီရဲ့ ကြေညာ စာတမ်းမှာ ဒီမိုကရေစီ နည်းလမ်း ကျတဲ့ အချက်အလက်တွေ အပါအဝင် စစ်တပ်ကို နိုင်ငံရေး အခန်း ကဏ္ဍကနေ လျှော့ချဖို့ တွေကိုလည်း ထည့်သွင်း ရေးထားပါတယ်။

အန်အယ်လ်ဒီ နာယက ဦးတင်ဦးကတော့ ရွေးကောက်ပွဲ လွန် ကာလမှာ တပ်မတော်နဲ့ လက်တွဲ လုပ်ဆောင်သွားနိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

သူတို့ ကြေညာ စာတမ်းမှာ တပ်မတော်နဲ့ ပါတ်သက်လို့ ယုံကြည်ကိုးစား အားထား စရာတွေကို ရေးထားတာ ဖြစ်တယ်လို့ ဘဝင်မကျစရာ မရှိနိုင်ဘူးလို့ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးရဲ့ တာဝန် ဖြစ်တဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ရာ ပြည်သူတွေထဲမှာ ပါတဲ့ တပ်မတော်သားတွေလည်း တာဝန် ရှိတယ်ဆိုတာကို ဖော်ထုတ်ပြောထားတာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

တပ်မတော်ရဲ့ အခန်းကဏ္ဍကို အုပ်ချုပ်ရေး မဏ္ဍိုင် အောက်မှာ ထားရှိဖို့လည်း ကြေညာ စာတမ်းမှာ ပါဝင်တာကြောင့် လက်ရှိ နိုင်ငံတော် အုပ်ချုပ်ရေး ပိုင်းမှာ နေရာယူ ထားကြတဲ့ တပ်မတော်ဘက်က ဘယ်လောက် လက်ခံနိုင်မလဲ ဆိုတာနဲ့ ပါတ်သက်လို့တော့ တဖြည်းဖြည်း ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားမယ်လို့ သူက ပြောပါတယ်။

တပ်မတော်သာ အမိ တပ်မတော်သာ အဖ လို့ ပြောင်းလဲသွားခဲ့တဲ့ အခြေ အနေကနေ ဗိုလ်ချုပ် အောင်ဆန်း လက်ထက်က ထားရှိခဲ့တဲ့ ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုတဲ့ မူကို ပြည်သူ့ဆန္ဒနဲ့ အညီ ပြန်လည် ပြောင်းလဲသွားနိုင်အောင်လည်း အန်အယ်လ်ဒီက ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ