အာရှမှာအများဆုံးဖမ်းမိတဲ့ စိတ်ကြွဆေးတွေရဲ့ တရားခံဘယ်သူလဲ

  • 17 စက်တင်ဘာ 2015
Drugs seizured in Burma
Image caption ဇူလိုင်လကုန်က စိတ်ကြွေဆေးပြား ၂၇ သန်း နီးပါး မင်္ဂလာဒုံမှာ ဖမ်းမိခဲ့

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အနီးမှာ ဇူလိုင်လ ကုန်က ကားတစ်စီးပေါ်မှာပိုင်ရှင်မဲ့ သိမ်းဆည်းခဲ့မိတဲ့ စိတ်ကြွဆေးပြား၂၆ သန်းကျော်နဲ့ ပတ်သက်တဲ့ အဓိက သံသယရှိသူ တွေကို ဖမ်းမိ ထားပြီလို့ ရဲတပ်ဖွဲ့က ဘီဘီစီ ကိုပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မသင်္ကာသူ အတော်များများကို ဖမ်းမိ ထားပေမဲ့ ဆက်စပ်နေတဲ့ သူတွေကို ဆက်လက် ဖော်ထုတ်ဆဲ ဖြစ်တာကြောင့် လောလောဆယ် ဖမ်းမိထားသူတွေ အကြောင်း အသေးစိတ် မပြောလို သေးဘူးလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲက ရဲမှူးကြီး ဝင်းဘို က ပြောပါတယ်။

ရဲတပ်ဖွဲ့ ဘက်က သံသယရှိ သူ ၁၂ ယောက်ရဲ့ ဓာတ်ပုံတွေ ကို ပြီးခဲတဲ့ ရက်ပိုင်းက နိုင်ငံ တဝန်း ရဲစခန်းတွေနဲ့ ဟိုတယ်တွေကို ပေးပို့ပြီး ရှာဖွေခဲ့ရာကနေ အခု လိုဖမ်းမိတာ ဖြစ်ပါတယ်။

ဒီသံသယ ရှိသူတွေကို မန္တလေး၊ မြဝတီနဲ့ ရှမ်းပြည်နယ် ဘက်တို့ ကနေ ဖမ်းမိ ခဲ့တာ ဖြစ်ပြီး ဒီအမှုကို အင်းစိန် စီအိုင်ဒီက ကိုင်တွယ် စစ်ဆေးနေတယ်လို့ လည်း ရဲတပ်ဖွဲက ပြောပါတယ်။

ဒီစိတ်ကြွ ဆေးပြားတွေဟာ မြန်မာ နိုင်ငံမှာ စံချိန်တင် အများဆုံး ဖမ်းဆီး ရမိတာဖြစ်ပြီး ကမ္ဘာမှာ တစ်ကြိမ်တည်းနဲ့ ပမာဏ ဒုတိယအများဆုံး ဖမ်းဆီး မိခဲ့တာ ဖြစ်ပါတယ်။

ကာလ ပေါက်စျေး ဒေါ်လာ သန်း၁၃၀ ကျော် တန်ဖိုးရှိတဲ့ ဒီဆေးပြားတွေ နဲ့ ပတ်သက်လို့ စီးပွားရေးကုမ္မဏီ တချို့ ပါဝင်ပတ်သက်တာ ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။