အရှေ့တောင်အာရှမှာ ယာဉ်မတော်တဆ သေနှုန်း မြန်မာ ဒုတိယအများဆုံး

  • 18 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ယာဉ် မတော်တဆမှုဟာ ယာဉ်တွေရဲ့ ချို့ယွင်းမှုထက် လူတွေရဲ့ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဖြစ်တယ်လို့ ဆို

ယာဉ်မတော်တဆမှု တွေကြောင့် လူသေဆုံးနှုန်းဟာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံစာရင်းထဲမှာ ဒုတိယအများဆုံး ဖြစ်တယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့လ ၇ရက်နေ့က WHO နဲ့ အစိုးရ ဌာနပေါင်းစုံ ယာဉ်အန္တရာယ် ကင်းရှင်းရေး အဖွဲ့တွေရဲ့ အစည်းအဝေးမှာ အခုလို ပြောလိုက်တာပါ။

WHO စာရင်းအရ အိမ်နီးချင်း ထိုင်းနိုင်ငံ ပြီးရင် မြန်မာနိုင်ငံဟာ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး နဲ့ ကျန်းမာရေး ဌာနတွေက ရတဲ့ ယာဉ်တိုက်မှု စာရင်းတွေကို တွက်ချက်ပြီး အခုလို ထုတ်ပြန်ခဲ့တာပါ။

လောလောဆယ် ခန့်မှန်း တွက်ချက်မှုတွေ အရ တတိုင်းပြည်လုံးမှာ ယာဉ်တိုက်မှုကြောင့် တနေ့ကို လူ ၁၁ယောက်လောက် သေဆုံးနေပြီး ရန်ကုန်မှာတော့ လူနှစ်ယောက်နီးပါး နေ့စဉ် သေဆုံးနေတယ်လို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာသစ်လွင် က ပြောပါတယ်။

အဝေးပြေး အမြန်လမ်းမှာတော့ မကြာခဏ ဆိုသလို ယာဉ်တိုက်မှုတွေ လူသေဆုံးမှု တွေ ရှိနေတာပါ။ ဒီနှစ်အတွက် နောက်ဆုံး ရထားတဲ့ စာရင်းတွေ အရ အမြန်လမ်းမှာ ယာဉ်မတော်တဆမှုပေါင်း ၃၀ဝ ရှိပြီး သေဆုံးသူ ဦးရေကလည်း ၁၀ဝလောက် ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာတော့ ယာဉ်မတော်တဆမှု ၄၀ဝ ကျော်မှာ သေဆုံးသူ ၁၆၀ လောက် ရှိခဲ့ပါတယ်။

ရန်ကုန် မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့ရုံး တာဝန်ရှိ အရာရှိ တစ်ဦးကလည်း မနှစ်ကထက် စာရင် ယာဉ်သွားလာမှု ပိုများလာတာကြောင့် မတော်တဆမှုကလည်း ပိုများလာဘွယ် ရှိတယ်လို့ ပြောပါတယ်။ မနှစ်က အမြန်လမ်းမှာ တနေ့ကို ယာဉ် တသောင်း နှစ်ထောင်လောက် အသွားအလာ ရှိခဲ့ပြီး အခုနှစ်မှာ ယာဉ်အသွားအလာ တသောင်း ငါးထောင်လောက်အထိ ရှိလာတယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုဟာ ယာဉ်တွေရဲ့ အမှားကြောင့် ဖြစ်တာ နည်းပြီး လူတွေရဲ့ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဖြစ်ပွားနှုန်းက ၈၀% ကနေ ၈၅ % အထိ ရှိတယ်လို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာသစ်လွင် က ပြောပါတယ်။

ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေး လုပ်ငန်းတွေ လုပ်နေတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အောင်ကျော်ထွှဋ် က ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေနဲ့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်လို့ ဆိုပါတယ်။

ယာဉ်လမ်း အန္တရာယ် ကင်းရှင်းဖို့ ၁၀နှစ်ကြာ စီမံကိန်း Decade of Action အရ သက္ကရာဇ် ၂၀၂၀ အထိ လုပ်သွားရမှာ ဖြစ်ပြီး အခု ဆယ်စုနှစ် တဝက်ကျိုးနေပြီ ဖြစ်ပေမယ့် လမ်းတွေကို ပြုပြင်ဖို့ လိုအပ်နေသေးသလို ကားမောင်းရင်း hand phone ပြောနေတာမျိုး၊ seatbelt ထိုင်ခုံ ခါးပတ် မတပ်တာမျိုးကအစ အရေးယူဖို့ လိုနေသေးကြောင်း၊ အရေးယူတဲ့ နေရာမှာလည်း ထိထိရောက်ရောက် အရေးယူဖို့ လိုပြီး လုပ်လိုက် မလုပ်လိုက်ဆိုရင်တော့ ထိရောက်မှာ မဟုတ်ကြောင်း ဒေါက်တာ အောင်ကျော်ထွဋ်က ဘီဘီစီကို ပြောပါတယ်။