သံရုံးတွေရဲ့ ရွေးကောက်ပွဲ စိုးရိမ်မှု အစိုးရ ပယ်ချ

  • 18 စက်တင်ဘာ 2015
Burma Election ဓာတ်ပုံ မူပိုင် Reuters
Image caption နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ အတွက် ပါတီတွေ ပြင်ဆင်နေ

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရာမှာ ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေး အမြတ်ထုတ် နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေ အပေါ် စိုးရိမ်ပူပန် တယ်ဆိုတဲ့ ပြည်ပ သံရုံးတွေရဲ့ စိုးရိမ်မှုတွေကို မြန်မာ နိုင်ငံခြားရေး ဌာနက ပယ်ချလိုက်ပါတယ်။

ရန်ကုန်မြို့ အခြေစိုက် ဩစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နဲ့ အမေရိကန် စတဲ့ သံရုံးတွေက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကြေညာချက်ကြောင့် အပြုသဘော မဆောင်တဲ့ မလိုလားအပ်တဲ့ အခြေ အနေတွေ ဖြစ်ပေါ် လာမှာကို စိုးရိမ်တယ်လို့ လည်း နိုင်ငံခြားရေး ဌာန ရဲ့ ၁၇ ရက် စက်တင်ဘာ ရက်စွဲနဲ့ သတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ သံရုံးတွေရဲ့ ထုတ်ပြန်ချက်ကြောင့် အစိုးရက ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေး အမြတ်ထုတ်တာတွေရှိနေတယ်လို့ အများပြည်သူက ယူဆသွားမှာ စိုးရိမ်တဲ့ အတွက် အစိုးရဘက်က အခုလို သတင်းထုတ်ပြန်တာလို့ ရွေးကောက်ပွဲဆိုင်ရာ လေ့လာ စောင့်ကြည့်နေတဲ့ လွတ်လပ်သော စေတနာ့ ဝန်ထမ်းများ အဖွဲ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ရေးမှူး ဦးမင်းခင်က ပြောပါတယ်။

မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ ကိုးကွယ် ယုံကြည်မှု မတူသူတွေကို ထိခိုက်နစ်နာစေမယ့် ကိစ္စတွေ မပေါ်ပေါက်စေအောင် ရှောင်ရှားဖို့ နိုင်ငံရေးပါတီ တွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို အစိုးရက သတိပေး ထားပြီး ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

ဒါပေမဲ့ ပြည်ပ သံရုံးတွေ ဘက်က စိုးရိမ်မကင်းကြောင်း ထုတ်ဖော်ပြောကြတာဟာလည်း လူမှုကွန်ရက်တွေနဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ တွေ့မြင်နေရတာတွေကို အခြေခံပြီး ပြောလာတာ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ