အပစ်ရပ်အကြို ဆွေးနွေးပွဲ တိုင်းရင်းသား အဖွဲ့တချို့ မတက်ရောက်

  • 19 စက်တင်ဘာ 2015
myanmar_peace_talks ဓာတ်ပုံ မူပိုင် MPC
Image caption အပစ်ရပ်ခရီး နီးပြီလား

တနိုင်ငံလုံး အပစ်ရပ် သဘောတူရေး NCA ချုပ်ဆို ဖြစ်ဖို့ ပြင်ဆင်မယ့် ဆွေးနွေးပွဲ ကို မွန်ပြည်သစ်ပါတီ တက်ရောက်မှာ မဟုတ်ဘူးဆိုပြီး ပါတီ ဒုဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။

တနင်္ဂနွေနေ့ ရန်ကုန်မြို့မှာ ကျင်းပမယ့် အစည်းအဝေးမှာ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေရဲ့ ကိုယ်စားလှယ် တွေ နဲ့ ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့ ဖို့ အတွက် ပြင်ဆင်ထားပေမယ့် ဒီဆွေးနွေးပွဲကို တချို့အဖွဲ့တွေ မတက်ရောက် ကြပါဘူး။

မွန်ပြည်သစ်ပါတီ ဘက်က မတက်ဖို့ ဆုံးဖြတ်ရတာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ SD မှာ ပြန်သုံးသပ်ကြောင်း၊ ဒီလို စုစုစည်းစည်း ရပ်တည် ပြီးဆွေးနွေးလာတာ ၂ နှစ် နီးပါး ရှိလာပြီး နားလည်မှု ရအောင် ကြိုးပမ်း နေချိန်မှာ အခုလို တဖွဲ့ချင်းစီ ဖိတ်ခဲ့တာဟာ စုစုစည်းစည်း ရပ်တည် နေတဲ့ အဖွဲ့ကို အသိအမှတ် မပြုတဲ့ သဘောလားလို့ မေးစရာ ဖြစ်လာကြောင်းနဲ့ ရှေ့လုပ်ငန်းစဉ်ကို ဆက်လက် ညှိနှိုင်းချင်ရင် အဓိက အင်အားစုအဖြစ် သဘောထားဖို့ လိုမယ့်အကြောင်း ပြောပါတယ်။

ရသလောက် အဖွဲ့တွေနဲ့ ပဲ လက်မှတ်ထိုးမယ် ဆိုရင် ရေရှည် အတွက် ခိုင်မာတဲ့ ယုံကြည်မှု မဖြစ်နိုင်သလို အကျိုးလည်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။

လတ်တလော မှာ အစိုးရဘက်က တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးဖို့ သေချာနေပြီလို့ မြင်နေပေမယ့် တိုင်းရင်းသား အဖွဲ့တွေဘက်ကတော့ ဘာမှ မရေရာ သေးဘူးလို့ မြင်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်ရေး အတွက် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင် ၁၇ ဖွဲ့စလုံး ပါဝင်နေရေးမှာ တစ်ဆို့ နေဆဲ ဖြစ်တယ်လို့ မြင်ကြောင်း ပြောပါတယ်။

ဒီလို အပစ်ရပ်လက်မှတ်ထိုးဖို့ နီးစပ်လာနေပြီ ဖြစ်တဲ့ အချိန် တချို့ ဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေတာနဲ့ ပတ်သက်လို့တော့ သံသယ ဖြစ်မိကြောင်းနဲ့ တဘက်က ကြိုးပမ်းနေသလို ပြပြီး တဘက်က စစ်ရေး အသာစီး ရအောင် လုပ်နေတဲ့ အနေအထားမျိုးမှာ ယုံကြည်ဖို့ ခဲယဉ်းသွားတယ်လို့ ဆိုပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးဖို့ကတော့ ၈၀ ရာခိုင်နှုန်းလောက် ရှိနေပြီဖြစ်ပြီး အားလုံး ပါဝင်နိုင်ဖို့ ကတော့ အစိုးရအပေါ်မှာသာ မူတည်တဲ့ အကြောင်း နဲ့ ရသလောက်နဲ့ လက်မှတ် ရေးထိုးခဲ့ရင်တော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတာလည်း ဖြစ်မလာ နိုင်သလို ပြည်တွင်းစစ်မီးဟာလည်း အေးချမ်းနိုင်မှာ မဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။