ပြည်သူတွေမဲရောင်းမစားကြဖို့ သတိပေး

  • 20 စက်တင်ဘာ 2015
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး

ပြည်သူတွေအနေနဲ့ မဲကိုမဖြုန်းဖို့ ရောင်းမစားဖို့နဲ့ မဲကိုရောင်းစားတာဟာ ကိုယ့်ရဲ့အနာဂတ်ကို ရောင်းစားတာနဲ့ အတူတူဘဲလို့ နေပြည်တော်မှာလုပ်တဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောကြားသွားပါတယ်။

အခုမဲဆွယ် စည်းရုံးတဲ့ နေရာတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်က ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် နေရာတွေဖြစ်ပါတယ်။ အစိုးရရုံးစိုက်တဲ့ နေပြည်တော်မြို့နယ်၄ခုမှာ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဖြစ်ကြတဲ့ ဉီးဝေလွင် ဉီးလှဌေးဝင်း အစိုးရဝန်ကြီး ဉီးမြင့်လှိုင် ဉီးမြတ်ဟိန်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေပြည်တော်မှာ အမတ်တနေရာ အနိုင်ရခဲ့ဘူးပါတယ်။

ဒီကနေ့ မဲဆွယ်ရာမှာ ပြုပြင်ပြောင်းလဲမယ်လို့ ပြောနေတဲ့NLD ပါတီအနေနဲ့ လူတိုင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးမှာ ဖျားနာမှ ပြည်သူတွေကို ဆေးရုံတွေကနေ ကုသတာမျိုးထက် ချို့တဲ့နေတဲ့ ပြည်သူတွေရဲ့ ဘဝတိုးတက်လာမှ ကျန်းမာရေး အတွက်အဟာရရှိရှိ စားသောက်နိုင်မှာ ဖြစ်ကြောင်းလဲ စည်းရုံး ပြောကြားသွားပါတယ်။ ဒါအပြင် တရားဥပဒေစိုးမိုးရေး မရှိလို့ လယ်သမားတွေ လယ်မြေအသိမ်းခံရတာဆိုတဲ့ အချက်ကိုလည်းထောက်ပြ ဝေဖန်သွားပါတယ်။

ဇေယျာသီရိမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးကို ပြည်သူ၂သောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။