တ​အာင်း​ပ​လောင် ဒေသ​ထဲ တိုက်​ပွဲ​တွေ ဖြစ်လာ​ပြ​န်

  • 20 စက်တင်ဘာ 2015
_ta_ang_national_liberation_army_troops ဓာတ်ပုံ မူပိုင် AP
Image caption TNLA ရဲ့ တောတွင်း စခန်းတွေ ရှိတဲ့ နယ်မြေ ထဲကို အစိုးရ စစ်တပ် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေ ရဲ့ စစ်ကြောင်း ၂ ကြောင်း ဝင်ရောက်။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ် နဲ့ ကျောက်မဲ ဒေသတွေ မှာ တအာင်း ပလောင် လက်နက်ကိုင် တပ် ဖြစ်တဲ့ TNLA နဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲတွေ ၂ ရက် မြောက် ဆက်လက် ဖြစ်ပေါ် ခဲ့ ပါတယ်။

TNLA ရဲ့ တောတွင်း စခန်းတွေ ရှိတဲ့ နယ်မြေ ထဲကို အစိုးရ စစ်တပ် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေ ရဲ့ စစ်ကြောင်း ၂ ကြောင်း ဝင်ရောက် လာတာ ကနေ ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်လာရတာ လို့ TNLA အဖွဲ့ က ပြောပါတယ်။

TNLA ကတော့ သူတို့ ဘက် မှာ ထိခိုက် ဒဏ်ရာ ရသူ မရှိ ဘူး လို့ ထုတ်ပြန် ပေမယ့် ၂ ဘက်တပ် တွေရဲ့ အထိအခိုက် စာရင်း ကို သီးခြား အတည်ပြုချက် မရ သေးပါဘူး။

တိုက်ပွဲတွေ ဟာ ဒေသခံ တအာင်း ပလောင်ရွာတွေ အပြင် တောထဲ မှာ ဖြစ်နေတဲ့ အတွက် လောလောဆယ် မှာတော့ အရပ်သား တွေ ထိခိုက်မှု မရှိသေးပေမယ့် အသက်မွေး ဝမ်းကျောင်း အလို့ငှာ တောတက် ရသူတွေ ဖြစ်လို့ အခက်အခဲ ရှိနေတယ် ဆိုပြီး TNLA အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်ထွန်းကျော် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ နဲ့ TNLA အကြား bilateral လို့ ခေါ်တဲ့ ၂ ဖွဲ့ချင်း အပစ်ရပ် သဘောတူ မှု စာချုပ် ချုပ်ရအောင် ဆိုပြီး စက်တင်ဘာ ၁၈ ရက် သောကြာ နေ့ ကမှ မြန်မာ ငြိမ်းချမ်းရေး စင်တာ ကနေ တဆင့် ကမ်းလှမ်း လာခဲ့ ပြီး နောက် တစ်ရက် စနေနေ့ မှာပဲ အခုလို တိုက်ပွဲ တွေ ဖြစ် ပေါ် လာခဲ့တာပါ။

အစိုးရ ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ဟာ အပြသဘော မီးစတစ်ဖက် ရေမှုတ်တဖက် ဖြစ်နေတယ် လို့ မိုင်ထွန်းကျော် က ဝေဖန် လိုက်ပြီး အစိုးရ ဘက်က တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင် နေတဲ့ အတွက် တအာင်း ပလောင် ဒေသ မှာ သာမက တခြား တိုင်းရင်းသား နယ်မြေ တွေ မှာ ပါ လတ်တလော တိုက်ပွဲ တွေ ပေါ် ပေါက် လာတာ ဖြစ်တယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ