ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာပြန်

  • 21 စက်တင်ဘာ 2015
rcss_ssa_shan
Image caption နှစ် ဘက် စစ်ကြောင်း လှုပ်ရှား မှု တွေ ကို အပြန်အလှန် အသိပေး ညှိနှိုင်း ဆောင်ရွက်ရင် တိုက်ပွဲ တွေ ဖြစ်ပေါ် လာစရာ မရှိ ဘူး လို့ RCSS/SSA က ပြော။

ရှမ်းပြည်တောင်ပိုင်း နမ်ဆန် မြို့နယ် ထဲမှာ အစိုးရ စစ်တပ် နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ အကြား အခုရက် ပိုင်း ထဲမှာပဲ တိုက်ပွဲတွေ ဖြစ်ပေါ် လာခဲ့ ပြန်ပါတယ်။

RCSS/SSA အခြေစိုက်ရာ ဒေသ ကို အစိုးရ တပ် ခလရ ၅၁၆ က အင်အား ၄၀ လောက် ရှိတဲ့ စစ်ကြောင်း ဝင်ရောက် လာတဲ့ အတွက် ကူမုမ်နဲ့ လွိုင်လင်း ကြား တောလမ်း မှာ ထိတွေ့ ပစ်ခတ် မှု တွေ ဖြစ်ပေါ် ခဲ့တယ် လို့ RCSS/SSA က ပြောပါတယ်။

ရွေးကောက်ပွဲကြို ကာလ မှာ အစိုးရတပ် ဘက် ကနေ နယ်မြေလုံခြုံရေး၊ နယ်မြေ ရှင်းလင်းရေး ဆိုတဲ့ အကြောင်းပြချက် တွေ နဲ့ လူမျိုးစု လက်နက်ကိုင် တွေ အခြေချရာ တောတောင် တွေ ထဲမှာ လိုက်လံ တိုက်ခိုက် နေတယ် ဆိုပြီး RCSS/SSA ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှုးကြီး စိုင်းမိန်းက ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကတော့ စက်တင်ဘာ ၂၁ ရက် နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ တော့ တိုင်းရင်းသား ဒေသတွေ မှာ တိုက်ပွဲ တွေ ပေါ်ပေါက် နေရတာ နဲ့ ပတ်သက်ပြီး လူမျိုးစု လက်နက်ကိုင် တွေ အနေနဲ့ သူတို့ နယ်မြေ မဟုတ်တဲ့ နေရာ တွေ ကို ဝင်လာ တဲ့ အတွက် တိုက်ပွဲ ဖြစ်ရတာ လို့ ပြောခဲ့ ပါတယ်။

အစိုးရ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အခုလို ပြောကြား မှု အပေါ် မြို့ပေါ် နေရာတွေ မှာပါ တရားဝင် ဆက်ဆံရေး တွေ ဖွင့်လှစ် ထားတဲ့ RCSS/SSA က ငြင်းပယ် လိုက်ပြီး နှစ် ဘက် စစ်ကြောင်း လှုပ်ရှား မှု တွေ ကို အပြန်အလှန် အသိပေး ညှိနှိုင်း ဆောင်ရွက်ရင် တိုက်ပွဲ တွေ ဖြစ်ပေါ် လာစရာ မရှိ ဘူး လို့ ပြောပါတယ်။

ဒါ့အပြင် အခု ပေါ်ပေါက် လာတဲ့ တိုက်ပွဲ တွေဟာ အစိုးရ ဘက်က စီမံချက် နဲ့ ဆောင်ရွက် နေတာ ဖြစ်တယ် လို့လည်း ဒုဗိုလ်မှုးကြီး စိုင်းမိန်းက စွပ်စွဲ ပြောဆိုပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA လက်မှတ် ထိုး နိုင်ဖို့ ကြိုးစား နေကြ တုန်းမှာပဲ ကချင် ပြည်နယ် နဲ့ ရှမ်းပြည်နယ် ထဲ က နေရာ တချို့ မှာ အစိုးရ စစ်တပ် နဲ့ ကချင် လက်နက်ကိုင် KIA၊ ရှမ်းလက်နက်ကိုင် RCSS/SSA နဲ့ တအာင်းပလောင် လက်နက်ကိုင် TNLA တို့ နဲ့ အကြား တိုက်ပွဲ တွေ ပြန်လည် ဖြစ်ပေါ် လာနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ