မူးယစ်ဆေးပြား၂သန်းကျော် ထပ်မံဖမ်းဆီးရမိ

  • 22 စက်တင်ဘာ 2015
Image caption ဇူလိုင်လ အတွင်းက မူးယစ်ဆေးပြားများ စံချိန်တင် ဖမ်းဆီး ရမိ ခဲ့စဉ်

ရန်ကုန်တိုင်း အတွင်း စံချိန်တင် မူးယစ် ဆေးဝါး ဖမ်းဆီးရမိမှု နောက်ဆက်တွဲ မူးယစ်ဆေးပြား ၂သန်းကျော် နဲ့ ဖန်စီးဒိုင်းပုလင်း ၅၀၀ ကျော် ထပ်မံ ဖမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေ ဘယ်သူတွေ လုပ်နေတာလဲ၊ ဘယ်လောက် ဖမ်းမိထားသလဲ ဆိုတာနဲ့ ပါတ်သက်လို့ ရန်ကုန်မြို့က ဘီဘီစီ သတင်းထောက်က မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နှင်းရေး ဗဟိုက ရဲမှူးကြီး ဇော်လင်းထွန်းကို ဆက်သွယ် မေးမြန်းကြည့်တော့ အခု မူးယစ်ဆေး ၂ သန်းကျော် ဖမ်းဆီး ရမိမှု ဟာလည်း လွန်ခဲ့တဲ့ လတွေတုန်း က မူးယစ်ဆေးဝါး စံချိန်တင် ဖမ်းဆီး ရမိမှုရဲ့ ကွင်းဆက် ဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ် ဆေးပြား ၂သန်းကျော်နဲ့ ဖန်စီဒိုင်း ပုလင်း ၅၀၀ ကျော်လောက် ကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် က အိမ် တစ်အိမ်မှာ ထပ်မံ ဖမ်းဆီး ရရှိခဲ့တာလို့ ဆိုပါတယ်။ ပိုင်ရှင် တွေကတော့ KALADAN DELTA DEVELOPMENT ကုမ္မဏီ ပဲ ဖြစ်ပြီး အရင်အမှုမှာ ဖမ်းဆီးရမိခဲ့တဲ့ လူတွေရဲ့ ထုတ်ဖော်ချက် အရ သွားရောက် သိမ်းဆည်း ရယူခဲ့ တာလို့လည်း ဆိုပါတယ်။

အခုလောလောဆယ် မှာတော့ ဆက်စပ် တရားခံ (၉) ဦး ကို ဖမ်းဆီး ရမိထားပြီး နောက်ထပ် ဖမ်းဝရမ်း ထုတ်ထားရတဲ့ ကွင်းဆက် တရားခံများလည်း ရှိတယ်လို့ ဆိုပါတယ်။

တရားခံများကို စစ်ဆေးနေဆဲ ဖြစ်ပြီး မူးယစ်ပုဒ်မ နဲ့ အမှု ဖွင့် အရေးယူ သွားမယ်လို့ ဆိုပါတယ်။ နောက်ပြီး အချို့တရားခံ တွေကို နယ်စပ်ကနေ ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

တခြား နယ်စပ် ဒေသ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ပါတ်သက် ဆက်နွယ်မှု ရှိသလား ဆိုတဲ့ အမေးကိုတော့ စုံစမ်းဆဲ ဖြစ်လို့ မသိရသေးကြောင်း ပြောပါတယ်။

စစ်ဆေး တွေ့ရှိချက် တွေ အရ ရန်ကုန်မြို့မှာ ထုတ်လုပ်တာ မဟုတ်ပဲ နယ်စပ်ကနေ အလုံးအရင်း နဲ့ ဝင်ရောက် လာတာလို့ ပြောပါတယ်။

နောက်ထပ် စစ်ဆေး ဖော်ထုတ်စရာတွေ ရှိနေသေးကြောင်း နဲ့ ရခိုင်ဘက်မှာ မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် စစ်ဆင်ရေး စီမံချက် ပြုလုပ်ပြီး ဆောင်ရွက်လျှက် ရှိတယ်လို့ ပြောပါတယ်။