မြန်မာကနေ တရုတ်ကို တနှစ်ကို ဒေါ်လာ သန်း၆၀၀ဘိုး သစ်ခိုးထုတ်

  • 23 စက်တင်ဘာ 2015
Image caption တရုတ်ပြည်ဘက်ကို သစ်ခိုးထုတ်ရာမှာ မြန်မာ အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ငွေပေး ရကြောင်း သစ်ခိုးထုတ်သူတွေက ပြော

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တနှစ်ကို ဒေါ်လာ သန်း ၆၀၀ ဘိုး သစ်ခိုးထုတ် နေတယ်လို့ Environmental investigation agency ( EIA international) သဘာဝ ပတ်ဝန်းကျင် စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထဲမှာ ဖေါ်ပြထားပါတယ်။

အဲဒီလို သစ်ခိုးထုတ်ရာမှာ မြန်မာ စစ်တပ် အရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငွေပေးပြီး ခိုးထုတ် ခဲ့ကြကြောင်း သစ်ခိုးထုတ်သူတွေက ပြောပြတာကို EIA အဖွဲ့ရဲ့ မှတ်တမ်း ဗီဒီယိုခွေထဲမှာ တွေ့ရပါတယ်။

EIA အဖွဲ့ဝင်တွေက သစ်ထုတ်လုပ်ရေး လုပ်ငန်းလုပ်မယ့် သူတွေအဖြစ် ဟန်ဆောင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက သစ်ရောင်းဝယ်သူတွေ၊ အကောက်ခွန် ရှင်းလင်းရေး အေးဂျင့်တွေနဲ့ တွေ့ဆုံခဲ့ကြကြောင်း၊ အဲဒီထဲက တချို့က အကောက်ခွန်ကို ဘယ်လို ဖြတ်သန်းရပုံ၊ မြန်မာ အစိုးရ စစ်တပ် အရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ငွေပေးရပုံ၊ ဆက်သွယ် လုပ်ကိုင်ရပုံတွေကို ပြောပြခဲ့ကြောင်း အစီရင်ခံစာ ရေးသားသူ Jago Wadley က ဘီဘီစီကို ပြောပါတယ်။

တချို့သစ်တွေဟာ ကချင်ပြည်နယ်မှာ ရနိုင်တဲ့ သစ်တွေ မဟုတ်ပဲ အစိုးရ ထိန်းချုပ်ထားရာ စစ်ကိုင်းတိုင်းဘက်က သစ်တွေ ပါဝင်နေတာကို တွေ့ရတဲ့အတွက် အစိုးရ စစ်တပ် ပါဝင် ပတ်သက်မှု ထင်ရှားနေတယ်လို့လည်း ဆိုပါတယ်။

တနှစ်ကို ဒေါ်လာ သန်း ၆၀၀ဘိုး သစ်တွေ ခိုးထုတ်နေတယ် ဆိုတာ တရုတ် အကောက်ခွန် ဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေနဲ့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကနေ ရခဲ့တာလို့ Jago Wadleyက ပြောပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက ထွက်တဲ့ တမလန်းနဲ့ ပိတောက်ကို ပရိဘောဂအတွက် တရုတ်နိုင်ငံက လိုချင်သူတွေ သိပ်များကြောင်း၊ ၂၀၁၂ ခုနှစ်တုန်းက တမလန်းနဲ့ ပိတောက် သစ်တွေ ဒေါ်လာ သန်း ၁၀၀ဖိုး တရုတ်ပြည်ကို ပို့ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၃၀၀ ဖိုးပို့ခဲ့တာမို့ နောက်ထပ် ၁၁နှစ်လောက် ကြာရင် မြန်မာနိုင်ငံထဲမှာ တမလန်းနဲ့ ပိတောက် မျိုးတုံးသွားနိုင်ကြောင်း၊ ဒါ့ကြောင့် တမလန်းနဲ့ ပိတောက် မျိုးစိတ် မတုံးအောင် ထိန်းသိမ်းစေလိုကြောင်း ပြောပါတယ်။

၂၀၁၄ ခုနှစ် ဧပြီ လတုန်းက မြန်မာအစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ သစ်ခိုးထုတ်လုပ်မှု တားဆီးပိတ်ပင်တဲ့ ဥပဒေကို တရုတ်အစိုးရအနေနဲ့ လေးစားလိုက်နာဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကို စစ်တပ်ကပါ လိုက်နာအောင် မြန်မာ အစိုးရဘက် ကလည်း လုပ်ဆောင်ဖို့ တိုက်တွန်းချင်ကြောင်း အစီရင်ခံစာ ရေးသားသူ Jago Wadley က ပြောပါတယ်။