ရှမ်းပါတီတွေကြားမှာ အကြိတ်အနယ် ပြိုင်ရဖို့ရှိ

  • 22 စက်တင်ဘာ 2015
Election Campaign in Shan State ဓာတ်ပုံ မူပိုင် Shan Herald
Image caption ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ် မှာမဲဆွယ် ဟောပြော

မြန်မာ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတဲ့ အချိန်မှာ ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေကလည်း အကြီးအကျယ် မဲဆွယ် စည်းရုံး နေကြပါတယ်။

ရှမ်းပြည်နယ် အတွင်း ရွေးကောက်ပွဲ ဝင်ကြမယ့် ပါတီတွေကြားမှာ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ SNDP ကျားဖြူ ပါတီနဲ့ SNLD ကျားခေါင်း ပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကြီး ၄ ခု အားကောင်းတာ တွေ့ရတယ်လို့ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ မဲဆွယ်မှု နဲ့ အခြေအနေ အရပ်ရပ်ကို စောင့်ကြည့် လေ့လာနေတဲ့ ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ပြောပါတယ်။

အခု ရက်ပိုင်းအတွင်း ကျားဖြူပါတီက ရှမ်းပြည်မြောက်ပိုင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ကိုယ်တိုင် လားရှိုး အနီး တဝိုက်မှာ မဲဆွယ် စည်းရုံး နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

အခြေ အနေကို ခြုံကြည့်ရင် ၁၉၉၀ ခုနှစ်က အနိုင်ရခဲ့တဲ့ သမိုင်း အစဉ်အလာကောင်းပြီး မူဝါဒ အားကောင်းတဲ့ SNLD ပါတီ ကိုထောက်ခံသူတွေကို ပိုပြီး တက်တက်ကြွကြွ တွေ့လာသလို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း မြို့တွေ အတွင်းက မြန်မာ စကား တတ်တဲ့ အသိုင်း အဝိုင်းက ပိုမိုအားပေးလာတာ တွေ့ရတယ်လို့ ကိုစိုင်းမိဏ်းက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ တုန်းက နိုင်ခဲ့တဲ့ ကျားဖြူပါတီ အနေနဲ့ ဆိုရင်လည်း ရှမ်းပြည်နယ် အစိုးရ ဖွဲ့နိုင်ရေး၊ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး တို့ လုပ်ဆောင်မယ်လို့ ပြောနေတာကြောင့် သူတို့ကို ထောက်ခံမှုတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။

ဒီလို ထောက်ခံသူတွေ အသီးသီး ရှိနေကြပေမဲ့ ရှမ်းပါတီတွေ ကြားမှာ အကြိတ်အနယ် ပြိုင်ရဖို့ များတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မဲဆွယ် စည်းရုံးမှုတွေကို ထိခိုက်နိုင်သလို ရွေးကောက်ပွဲ အတွက်လည်း အလားအလာတော့ သိပ်မကောင်းဘူးလို့ ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ပြောပါတယ်။