လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအကြောင်း မဘသ လိုက်ရှင်းပြ

Image caption ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေ ရွေးချယ်တတ်အောင် မဘသက တအိမ်တက်ဆင်း လိုက်လံ ရှင်းပြနေတာလို့ ဦးဝီရသူမိန့်

အမျိုးဘာသာ ကာကွယ် စောင့်ရှောက်ရေး အသင်း (မဘသ)က မန္တလေးခရိုင် အတွင်းကနေ လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ဝင်ပြိုင်မယ့် သူတွေရဲ့ အကြောင်းတွေကို မဲဆန္ဒရှင်တွေရဲ့ အိမ်တွေမှာ တအိမ်တက်ဆင်း လိုက်လံ ပြောဆို ရှင်းပြနေပါတယ်။

ဒီလို လုပ်နေတာ အခုဆို ၁၀ရက်လောက် ရှိသွားပြီ ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ ရည်မှန်းချက်တွေကို အင်တာဗြူးလုပ်ပြီး လက်ကမ်းစာစောင်တွေနဲ့ လိုက်လံ ဝေနေတာ ဖြစ်ကြောင်း မဘသ ဦးဆောင် ဆရာတော် တပါး ဖြစ်တဲ့ မစိုးရိမ် ကျောင်း ဆရာတော် ဦးဝီရသူ က ဘီဘီစီကို မိန့်ပါတယ်။

အရည်အချင်းကောင်းတွေနဲ့ ပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေ ရွေးချယ်တတ်အောင်နဲ့ ငွေကြေး အခက်အခဲ ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရည်မှန်းချက်တွေကို ငွေမကုန်ပဲ ပြည်သူတွေ သိအောင် အခုလို လုပ်ပေးတာလို့ ဆိုပါတယ်။

ဘာသာရေး အဖွဲ့အစည်းဖြစ်တဲ့ မဘသအနေနဲ့ နိုင်ငံရေး လုပ်တာ မဟုတ်ပဲ အမျိုးသားရေးကိုသာ ဦးတည်တာလို့ ဦးဝီရသူက မိန့်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကိုယ်ရေး ရာဇဝင်၊ နိုင်ငံရေး ရာဇဝင်၊ လွှတ်တော်ထဲမှာ ဘယ်လို ဥပဒေမျိုးတွေကို တင်သွင်းမလဲ၊ ပြည်သူတွေကို ဘာလုပ်ပေးချင်သလဲ စတာတွေ နဲ့အတူ မျိုးစောင့် ဥပဒေ၊ ၉၆၉၊ မဘသတို့ အပေါ် သဘောထားတွေကိုလည်း တန်းတူ ရည်တူ မေးမြန်းထားတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ပါတီငယ်လေးတွေနဲ့ပဲ မေးမြန်းထားပြီး ပါတီကြီး နှစ်ခု ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ကတော့ ခုချိန်ထိ ခွင့်ပြုချက် မကျသေးလို့ အင်တာဗြူး မလုပ်ရသေးဘူးလို့ မိန့်ပါတယ်။