NLDနဲ့ NDF တို့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

  • 23 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် bbcburmese
Image caption NLD ပါတီရဲ့ ကမ်ပိန်း ပိုစတာ တစ်ခု

ရန်ကုန်မြို့နဲ့ အခြား မြို့နယ် အချို့တွေမှာ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်လောင်း တွေရဲ့ မဲဆွယ် စည်းရုံးတဲ့ ပိုစတာ တွေ ဖျက်ဆီး ခံနေရတယ်လို့ ဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ တို့ရဲ့ ဆိုင်းဘုတ်တွေ ဖြစ်ပြီး တမင် ရည်ရွယ်ချက် ထားပြီး ဖျက်ဆီးတာမျိုး ဖြစ်တယ်လို့ ပိုစတာ ထောင်တဲ့ ကိုယ်စားလှယ်လောင်း တွေက ဘီဘီစီကို ပြောပါတယ်။

ဖျက်ဆီး ခံရတဲ့ မြို့နယ်တွေက ရန်ကုန်မှာ လသာ၊ လမ်းမတော်နဲ့ စစ်ကိုင်းတိုင်း ထဲက ကောလင်း၊ ကန့်ဘလူ၊ ထန်းကုန်း မြို့နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လသာမြို့နယ် ကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်မဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါက်တာ အောင်သူဟိန်း က ပိုစတာ တွေ ဖျက်ဆီးခံရတာနဲ့ ပါတ်သက်လို့ ပြောတာက လသာလမ်းပေါ်မှာ ပိုစတာ ၁ခု၊ အနော်ရထာ လမ်းပေါ်မှာ ပိုစတာ၂ခု ၊ မဟာဗန္ဓုလ လမ်းပေါ်မှာ ပိုစတာ ၁ ခု ဖျက်ဆီး ခံခဲ့ရပြီး ပိုစတာ ပေါ်မှာ မင်နဲ့ အာဏာရှင်လို့ ရေးသွားကြောင်းနဲ့၊ အချို့ ပိုစတာတွေ ကို ဖြုတ်ချပြီး ယူဆောင်သွားကြောင်း၊ ပိုစတာ စိုက်ပြီး သုံး လေး ရက် အတွင်း ဖျက်ဆီး ခံလိုက်ရတာလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ဘက်က မြို့တွေမှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ် လောင်းတွေရဲ့ ပိုစတာတွေ ဖျက်ဆီး ခံရတယ်လို့ လည်း ဆိုပါတယ်။ ကောလင်းမြို့နယ်၊ ကန့်ဘလူ မြို့နယ် နဲ့ ထန်းကုန်း က ကိုယ်စားလှယ် လောင်းတွေရဲ့ ပိုစတာတွေ ဖျက်ဆီး ခံရတာ လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကောလင်းမြို့နယ် က ကိုယ်စားလှယ်လောင်း ကိုမျိုးဇော်အောင် ပြောတာက သူ့ရဲ့ အောင်နိုင်ရေး ပိုစတာတွေကို ဓါးနဲ့ ထိုးခွဲ သွားခဲ့တယ်၊ ပြီးတော့ သူ့ ရုပ်သွင်က ကုလားဆင် ရုပ်သွင်မျိုး ဖြစ်တဲ့ အတွက် NLD အနေနဲ့ အစ္စလာမ် ဘာသာဝင် တွေကို တင်နေတယ် ဆိုပြီး မဟုတ်မမှန် သတင်းလွှင့်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ သူ့ အနေနဲ့ ပါတီ ဗဟို ကို သတင်းပို့ထားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြား ထားတယ်လို့ ဆိုပါတယ်။ ရဲစခန်းမှာ သွားရောက် အမှုဖွင့်ထား ပေမယ့် ဒီလို အမှုမျိုး မကြုံဖူးတဲ့ အတွက် ရဲစခန်းက အမှုကို လက်မခံ ခဲ့ဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၄၀ ကျော်ပဲ လိုတော့တဲ့ အတွက် မဲဆွဲစည်းရုံးမှုတွေ အရှိန် မြင့်တက်လာချိန် တခြား နိုင်ငံရေး ပါတီတွေမှာ အခုလို တိုက်ခိုက် ခံရတာမျိုး ရှိပေမယ့် လက်ရှိ အာဏာရ ကြံ့ခိုင်ရေး ပါတီ ရဲ့ ကိုယ်စားလှယ်လောင်း ပိုစတာတွေ တိုက်ခိုက်ခံရတယ် ဆိုတာ မကြားမိဘူး လို့ ရန်ကုန်မြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။