မွတ်ဆလင် ကိုယ်စားလှယ်လောင်းတချို့ကို ပြန်ခွင့်ပြု

  • 23 စက်တင်ဘာ 2015
Burma Election ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း တချို့ကို ပြန်လက်ခံ

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ လျှောက်ထားကြတဲ့ ပါတီအသီးသီးက ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်း တွေထဲမှာ တချို့ကို ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် ခွင့်ပြုခဲ့ပါတယ်။

ပြန်လည် ခွင့်ပြုခံရတဲ့ ကိုယ်စားလှယ်လောင်းတွေ ထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၂ ယောက်လည်း ပါဝင်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဟာ မွတ်ဆလင် အများစု ပါဝင်တဲ့ ပါတီဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်ဖို့ ကိုယ်စားလှယ်လောင်း ၁၈ ယောက် တင်ခဲ့ရာမှာ ၁၇ ယောက်ကို ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ပါတယ်။ နောက်တဆင့် အနေနဲ့ ပြည်နယ် အဆင့်မှာ ဆက်လက် အယူခံဝင်ရာ မှာလည်း အားလုံး ထပ်မံ ပယ်ချခံခဲ့ရ ပါတယ်။

ဥပဒေအရ ပြည်နယ်အဆင့် အယူခံဟာ နောက်ဆုံးအဆင့် ဆိုပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှာ အသနားခံစာ တင်ခဲ့ပြီးနောက် အခု နှစ်ယောက်ကို ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ခုံရုံးနဲ့ ပြန်စိစစ်ပြီး ကော်မရှင်က ပြန်လက်ခံခဲ့တာလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အများအားဖြင့် သူတို့ဟာ နိုင်ငံသား မဖြစ်သေးသူတွေနဲ့ မိဘ နှစ်ပါးက နိုင်ငံသား မဟုတ်တဲ့ အတွက် ဆိုပြီးမူလက ပယ်ချခံခဲ့ရတာလို့ သူက ဆိုပါတယ်။

အခု လက်ရှိ ခွင့်ပြုမခံရသေးတဲ့ ကိုယ်စားလှယ်လောင်း ၁၄ ယောက်ထဲမှာ ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲမှာ အရွေးခံခဲ့ရတဲ့ ပါတီဥက္ကဌ ဦးကျော်မင်းလည်း ပါတဲ့ အပြင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း လည်းပါဝင်တယ်လို့ ဦးကျော်စိုးအောင်က ပြောပါတယ်။

ဒါကြောင့် အခုရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက အတိုင်း ဖြစ်ပေမဲ့ သူတို့ ပါတီက ကိုယ်စားလှယ်လောင်း တွေကို အခုမှ ကန့်သတ်တာဟာ မမျှတဘူးလို့ လည်း သူက ပြောပါတယ်။