ဦးစခုန်တိန့်ယိန်းက NLD ကို ကချင်မှာ မဲမဆွယ်ဖို့တား

  • 24 စက်တင်ဘာ 2015
NLD Election Campaigh ဓာတ်ပုံ မူပိုင် epa
Image caption NLD ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု

ကချင်ပြည်နယ် ချီဗွေ၊ အင်းဂျန်းရန် စတဲ့ ဒေသတွေမှာ အန်အယ်လ်ဒီပါတီ အနေနဲ့ လာရောက် မဲဆွယ်မှု မလုပ်ဖို့ NDAK ကချင်ဒီမိုကရေစီသစ် တပ်မတော် ဥက္ကဌ ဦးစခုန်တိန့်ယိန်း ကတားမြစ်လိုက် ပါတယ်။

အဲဒီ ဒေသတွေမှာ တည်ငြိမ်အေးငြိမ်းရေး တည်ဆောက်ဆဲ ဖြစ်တဲ့ အတွက် အခုလို တားမြစ်တာလို့ လက်ရှိတသီးပုဂ္ဂလ အမျိုးသား လွှတ်တော်အမတ် လည်း ဖြစ်တဲ့ ဦးစခုန်တိန့်ယိန်းက ထုတ်ပြန်တဲ့ စာထဲမှာ ပါရှိပါတယ်။

ဒါပေမဲ့ မြစ်ကြီးနား တဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်၊ ဆော့လော်၊ ပန်ဝါ၊ အင်ဂျန်းရန်နဲ့ ချီဗွေဒေသတွေကို မဲဆွယ်စည်းရုံးဖို့ရောက်နေတဲ့ လွှတ်တော်ပေါင်းစုံက ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းတွေ ကတော့ စည်းရုံးရေးလုပ်ငန်းတွေကို ဆက်လုပ်ခဲ့ကြပါတယ်။

စခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်တွေက အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ တည်းတဲ့နေရာအနားကို လက်နက်တွေနဲ့ ဖြတ်သွားဖြတ်လာ လုပ်ပြတာ၊ စည်းရုံးရေး လုပ်ငန်းတွေကို မှတ်တမ်းတင်တာတွေ ရှိခဲ့တယ်လို့ အမျိုးသားလွှတ်တော် အတွက် အန်အယ်လ်ဒီပါတီ ကနေ ဝင်ပြိုင်မယ့် ဦးကျော်ကျော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဦးစခုန်တိန့်ယိန်းက NLD ပါတီကိုသာ တားမြစ်ပြီး ကျန်တဲ့ ပါတီတွေကို တော့ တားမြစ်ခြင်း မရှိပါဘူး။

အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပိုင်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ နယ်မြေ လုံခြုံရေး မရှိတဲ့ သဘောဖြစ်နေကြာင်းနဲ့ နယ်မြေ လုံခြုံရေး မရှိရင် ရွေးကောက်ပွဲတောင် ဖျက်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဦးစခုန်တိန့်ယိန်းက အခုလို တားမြစ်တာဟာ ဘယ်က အခွင့် အာဏာရသလဲလို့ ဦးဉာဏ်ဝင်းက ပြန်လည် မေးခွန်း ထုတ်ခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဦးစခုန်တိန့်ယိန်းဟာ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ၊ လော်ဝေါ် အမျိုးသား ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ စတဲ့ ပါတီ ၆ခုလောက်နဲ့ ပြိုင်မှာ ဖြစ်ပေမဲ့ NLD ပါတီကိုပဲ ခေါင်းစဉ်တပ် စာထုတ်ခဲ့တာလို့ NLD ပါတီ ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုကိစ္စနဲ့ ပတ်သက်လို့ NLD က ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ