ကချင်ပြည်နယ် မိုင်းခေါင်မှာ တိုက်ပွဲဖြစ်

  • 25 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုအေ စစ်သားများ

ကချင်ပြည်နယ်၊ မိုင်းခေါင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကတည်း ကစပြီး မြန်မာ အစိုးရ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိနေပြီး အိမ်ထောင်စု ၆၈ စု က လူ ၂၁၈ ယောက် အိုးအိမ် စွန့်ခွာ ထွက်ပြေး နေရပါတယ်။ နှစ်ဘက် တိုက်ပွဲကြားမှာ လူ ၂၀ ကျော် ပိတ်မိ နေပြီး ပိတ်မိ နေတဲ့ လူတွေထဲမှာ မသန်စွမ်းသူတွေ နဲ့ သက်ကြီး ရွယ်အိုတွေ များတယ်လို့ ဆိုပါတယ်။

ဒေသခံ တစ်ဦး ဖြစ်သူ ကိုနန်းဇိန်း လဂျာ က ၁၈ ရက်နေ့မှာ စတင် ခဲ့တဲ့ တိုက်ပွဲက ၂၁ ရက်နေ့မှာ အတော် ပြင်းထန် လာတယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းမှာ တစ်ဘက်နဲ့ တစ်ဘက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ကြပြီး အစိုးရ စစ်တပ်က အမှတ် ၈၆ မိုင်းထောင် အခြေစိုက်တပ်ရင်း နဲ့ ကေအိုင်အေ ဘက်က တပ်မ ဟာ (၃) လက်အောက်ခံ တပ်ရင်း ၂၇ နဲ့ တိုက်ခိုက်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိခိုက် သေဆုံး မှု အနေနဲ့ အမျိုးသမီး (၂) ဦးနဲ့ အမျိုးသား (၂) ဦး ပန်ဆက် ဆိုတဲ့ ရွာမှာ တိုက်ပွဲကြောင့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်တဲ့ အခြေအနေ တွေနဲ့ ပါတ်သက်လို့ သတင်း မီဒီယာ တွေ သိရှိအောင်နဲ့ တိုက်ပွဲ အတွင်း ပိတ်မိနေသူတွေ ကယ်ထုတ် နိုင်ဖို့ အတွက် ကချင် ငြိမ်းချမ်းရေး ကွန်ယက်နဲ့ အေးချမ်းမြန်မာ အင်စတီကျု (GDI) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။