နည်းပညာလုပ်ငန်း ကဏ္ဍရဲ့ အကျိုးဆက်အကြောင်း အစီရင်ခံစာ

  • 25 စက်တင်ဘာ 2015
Image caption အင်တာနက် အသုံးပြုမှုကနေ ပုဂ္ဂိုလ်ရေး ထိပါးမှု၊ အမုန်းတရား ဖြန့်ဝေမှု အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ အစီရင်ခံစာက သတိပေး

ICT နည်းပညာလုပ်ငန်းကဏ္ဍ ဖြစ်ထွန်း လာနေတဲ့ မြန်မာနိုင်ငံမှာ ICT နည်းပညာ လုပ်ငန်း ကဏ္ဍကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကျန်းမာရေး၊ ပညာရေး အပိုင်းတွေမှာ ကောင်းကျိုးတွေ ပေါ်ထွက်လာသလို online အသုံးပြုမှုကြောင့် လူ့အခွင့်အရေး ထိခိုက်စေနိုင်တဲ့ ဆိုးကျိုးတွေလည်း ပေါ်ထွက်လာနိုင်ကြောင်း (MCRB) မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန ၊ UK အခြေစိုက်(IHRB) လူ့အခွင့်အရေးနဲ့ စီးပွားရေး ဌာန၊ ဒိန်းမတ်အခြေစိုက် (DIHR) ဒိန်းမတ် လူ့အခွင့်အရေး ဌာနတို့ ပူးပေါင်းပြီး အစီရင်ခံစာတစ်ခု စက်တင်ဘာလ ၂၄ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အင်တာနက် အသုံးပြုမှုကနေ Privacy Issue လို့ခေါ်တဲ့ ပုဂ္ဂိုလ်ရေး ထိပါးမှု၊ အင်တာနက် ပေါ်ကနေ အမုန်းတရား ဖြန့်ဝေတာမျိုး စတဲ့ အန္တရာယ်တွေ ပေါ်ပေါက်လာနိုင်သလို နည်းပညာပိုင်း အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ လုပ်ငန်းခွင် လုံခြုံရေး ဆိုင်ရာ၊ အလုပ်သမား အခွင့်အရေး ဆိုင်ရာ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်ကြောင်း အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ICT အသုံးပြုသူတွေရဲ့ အသိဉာဏ် ပိုကျယ်ပြန့်လာအောင် လုပ်ပေးဖို့ လိုသလို ICT ဖွံ့ဖြိုးလာစ မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ICT ဆိုင်ရာ စည်းမျဉ်းဥပဒေတွေဟာ ခေတ်ပေါ် နည်းပညာတွေနဲ့ ကိုက်ညီမှု အားနည်းနေတာကြောင့် ဥပဒေတွေ ပြန်လည် ပြင်ဆင်ပေးဖို့နဲ့ ဒီလို ပြင်ဆင်ရာမှာ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ လိုကြောင်းကို အစိုးရကိုရော၊ ICT ကုမ္ပဏီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကိုပါ အကြံပြု တိုက်တွန်း ထားတယ်လို့ MCRB ဒေသဆိုင်ရာ ဆက်ဆံရေး အရာရှိ ဒေါ်ဝေဖြိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ နီးလာနေတဲ့ အချိန်မျိုးမှာ Internet Shutdown လို့ခေါ်တဲ့ ဆက်သွယ်ရေး လိုင်းတွေ လုံးဝ ဖြတ်ချလိုက်တာမျိုး ဖြစ်လာမှာကို စိုးရိမ်ကြောင်းနဲ့ ဒီလို ဖြစ်လာရင် ဘယ်လို ပုံစံမျိုးနဲ့ ကာကွယ်သွားသင့်သလဲ ဆိုတာကို ကြိုစဉ်းစားထားဖို့ လိုတယ်လို့လည်း ဒေါ်ဝေဖြိုးမြင့်က ပြောပါတယ်။