မွတ်ဆလင် ၇ သိန်းနီးပါး မဲပေးခွင့် မရ

  • 25 စက်တင်ဘာ 2015
Election Voters List
Image caption ထုတ်ပြန်ပြီး မဲစာရင်းတွေမှာ အမှား အယွင်းတွေ များနေ

ရခိုင်ပြည်နယ် အတွင်းမှာ နေထိုင်ကြတဲ့ White Card ခေါ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ကြသူ မွတ်ဆလင် ၇ သိန်း နီးပါးဟာ အခု လာမယ့် ရွေးကောက်ပွဲ အတွက် မဲပေးပိုင်ခွင့် ရှိသူ စာရင်းထဲမှာ မပါဝင်ဘဲ ကျန်နေခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ထွက်ရှိလာတဲ့ မဲပေးပိုင်ခွင့် ရှိသူတွေ စာရင်းမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက မဲပေးခွင့် ရခဲ့ကြသူ အများစု မပါဝင်ကြ ဘူးလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ ဥက္ကဌ ဦးကျော်မင်းက ဘီဘီစီကို ပြောပါတယ်။

မဲစာရင်းမှာ မပါသူတွေက သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ပုံစံ ၃ နဲ့ တစ်ယောက်ချင်းစီ လျှောက်ထားရင် စိစစ်ပြီး ထုတ်ပေးမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက သူနဲ့ တွေ့ဆုံစဉ် ပြောခဲ့တဲ့ အကြောင်းလည်း ဦးကျော်မင်းကပြော ပါတယ်။

ဥပဒေနဲ့ အညီ လုပ်ဆောင်မယ်လို့ ဦးတင်အေးက ပြောတာကိုလည်း သူက ပြန်ပြောပါတယ်။

ဦးကျော်မင်း ကိုယ်တိုင်က လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ရာမှာ ပယ်ချခံထားရသူ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် ကတော့ မြန်မာ နိုင်ငံက White Card ကိုင်သူတွေ မဲပေးခွင့် မရတာဟာ အမေရိကန်မှာ Green Card ကိုင်ဆောင်သူတွေ မဲပေးခွင့် မရတာနဲ့ အတူတူပဲလို့ ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီကတော့ ဒီလူတွေဟာ မဲပေးခွင့် ဆုံးရှုံးတဲ့ အပြင် လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ နေထိုင်ခွင့် အဆင့် အတန်းပါ ဆုံးရှုံး သွားတာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ နိုင်ငံခြားသားနဲ့ နိုင်ငံသား ခွဲခြားတဲ့ ကိစ္စဟာ ရှင်းလင်းပြတ်သားမှု မရှိဘဲ ရှုပ်ထွေး နေသေးတယ်လို့ သူက ပြောပါတယ်။

တချိန်က နိုင်ငံသား အဆင့် အတန်း ရခဲ့ကြတဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ခဲ့ကြသူတွေ မဲပေးခွင့် ရခဲ့ကြပေမဲ့ အခု မဲပေးခွင့် မရှိဘူးလို့ မကြာသေးခင်က ပြင်ဆင် ဆုံးဖြတ်လိုက်တာဟာ လူ အတော်များများ ရဲ့ နိုင်ငံသား ဖြစ်ခွင့် အခွင့် အရေးကို ငြင်းပယ် သလို ဖြစ်သွားတယ်လို့ လည်း ဦးကိုနီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ