အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ကို အလုပ်ရှင် မလိုက်နာ

  • 26 စက်တင်ဘာ 2015
master_sport_workers ဓာတ်ပုံ မူပိုင် AP
Image caption အနိမ့်ဆုံး လုပ်ခ လစာ အနေနဲ့ အစိုးရက တစ်ရက် ၃၆၀၀ ကျပ် သတ်မှတ် ခဲ့ပေမယ့် အလုပ်ရှင်တွေ ဘက်က လိုက်နာဖို့ ပျက်ကွက်။

ပဲခူးတိုင်း အင်းတကော် မှာရှိတဲ့ ဟုန်းကယူး Hung Kiu အထည်ချုပ် စက်ရုံမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမား သပိတ်ဟာ အလုပ်ရှင်ဘက်က အလုပ်ဝင်ကာစ အလုပ်သမား အသစ် တွေ ကို တစ်ရက် လုပ်ခ ၁၈၀၀ ကျပ် ပဲ ပေးနေတဲ့ အချက် အပေါ် မပြင်ဆင် နိုင်ခဲ့ပဲ ပြီးဆုံးခဲ့ ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ က စလို့ ၃ ရက်တိုင် စက်ရုံရှေ့ ထိုင်သပိတ် မှောက်ခဲ့တဲ့ အလုပ်သမား ၂၀၀၀ ကျော် ဟာ အစိုးရ က သတ်မှတ် ပြဌာန်းထားတဲ့ အနိမ့်ဆုံး လုပ်ခ တစ်ရက် ၃၆၀၀ ကျပ် နှုန်း အတိုင်း အလုပ်သမား အားလုံး တပြေးညီ ရရှိနိုင်ရေး အပါအဝင် ၊ ရက်မှန်ကြေး နဲ့ လုပ်ငန်း ကျွမ်းကျင်ကြေး တွေ ကို ရရှိနေကျ အတိုင်း အလုပ်ရှင် ဘက်က ပေးဖို့ တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

စက်တင်ဘာ၂၆ ရက် စနေနေ့ မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ် တွေ ဆွေးနွေး ခဲ့ကြအပြီး ကျန် အချက် ၂ ချက် အပေါ် အလုပ်ရှင် က သဘောတူ ခဲ့ ပေမယ့် အလုပ် ဝင်ဝင်ချင်း သူတွေကို တနေ့ ၃၆၀၀ ကျပ် ပေးဖို့ ငြင်းဆန် ခဲ့ပါတယ်။

အလုပ်သမားတွေ ကို ပေးနေကျ ရက်မှန်ကြေး နဲ့ လုပ်ငန်း ကျွမ်းကျင် ကြေးတွေ ကိုတော့ ဖြတ်တောက် ခဲ့ရာ ကနေ အလုပ်ရှင် ဘက်က ပြန်ပေးမယ် ဆိုပြီး သဘောတူ ခဲ့ပြီး အလုပ်သမား အများစု ကလည်း လက်ခံခဲ့တယ် လို့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ ကိုဇင်မျိုးသူ က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရက ပြီးခဲ့တဲ့ ဩဂုတ်လ တုန်းကပဲ တစ်နေ့ လုပ်ခ လစာ ၃၆၀၀ ကျပ် သတ်မှတ် ခဲ့ပေမယ့် အလုပ်ရှင် ဘက်က သတ်မှတ်နှုန်း အတိုင်း ပြည့်မီအောင် မပေး ဖြစ်နေတာပါ။

ဒါ့အပြင် တစ်နေ့ ၃၆၀၀ နှုန်းသတ်မှတ် ပြီးကတည်းက ရှားပါးစရိတ် နဲ့ ရက်မှန်ကြေး လို ခံစားခွင့်တွေ ဖြတ်တောက်တာ မျိုးတွေ အပြင် စက်ရုံ လုပ်သား ဦးရေ တွေ လည်း လျှော့ချ နေခဲ့တာ မှာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ရဲ့ ထုတ်ပြန် ထားချက် အရ အခုဆို အလုပ်ဖြုတ် ခံခဲ့ရတဲ့ စက်ရုံအလုပ်သမား ၈၀၀၀ ကျော် ရှိ နေပြီ ဖြစ်ပါတယ်။

ရရှိနေကျ ခံစားခွင့် တွေ ဖြတ်တောက် ခံရတဲ့ အတွက် ရွှေပြည်သာ စက်မှုဇုန်က ဟန်ဂျင်း အထည်ချုပ် စက်ရုံမှာလည်း အလုပ်သမားတွေ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ