တရုတ်သံအမတ် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့

  • 29 စက်တင်ဘာ 2015
Chinese Ambassador meets Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် NLD Chairperson Photo
Image caption ဒေါ်အောင်ဆန်း စုကြည်ကို သွားတွေ့ချင်ခဲ့တာ ကြာပါပြီလို့ တရုတ် သံ အမတ်ပြော

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျှန်း Hong Liang က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို စက်တင်ဘာလ ၂၈ ရက် တနင်္လာနေ့က သူ့နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

တရုတ် သံရုံး ပြောရေးဆိုခွင့် ရှိသူ မစ္စတာ ပန် ရွှေဆောင်း Pan Xuesong က သံအမတ်ကြီး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို သွားတွေ့ချင်ခဲ့တာ ကြာပြီလို့ ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံရာမှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ဘယ်လို ဆောင်ရွက် ကြမယ် ဆိုတာတွေကို သဘောထားချင်း ဖလှယ် ခဲ့ကြပါတယ်လို့ မစ္စတာ ပန် ရွှေဆောင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့က တရုတ် နိုင်ငံ အတွက် အရေးကြီးတယ်လို့ သူက ပြောပါတယ်။

တရုပ်နိုင်ငံ အနေနဲ့ အန်အယ်ဒီပါတီ ၊ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုးတက်တဲ့ ဆက်ဆံရေး ရှိဖို့ လိုလားတယ်လို့ အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က မြင်ကြောင်း ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် တရုတ်နိုင်ငံကို သွားရောက်ခဲ့ ပြီးနောက်မှာ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် နှစ်ဘက် ကြိုးစားခဲ့ကြတယ်လို့ လည်း သူက ပြောပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်တာဟာ နှစ်ဘက် စလုံး အတွက် အကျိုး ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ